စဉ့်ကိုင် ဧပြီ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများ အတွင်း ကိုဗစ်-၁၉ ရောဂါလျော့နည်းကျဆင်းစေရေးနှင့် ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် ယနေ့ နံနက် (၁၀) နာရီက စဉ့်ကိုင် ပြည်သူ့ဆေးရုံ၌ (Covishield) ထိုးနှံပြီး (၆) လပြည့်သူများကို (Booster Dose) များ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ (Booster Dose) ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ၀န်ထမ်းများ၊ ပလိပ်တိုက်နယ်ဆေးရုံတွင် ဒေါက်တာသက်ကိုကိုလွင် (ရောဂါနှိမ်နှင်းရေး) ၊ ကျောက်ဆည်တက္ကသိုလ်တွင် ဦးစောအေး (ကျန်းမာရေးမှူး) တို့က ဦးဆောင်၍ ကျန်းမာရေး ၀န်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ ပညာရေးဌာနမှ ၀န်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့၀င်များ၊ ပရဟိတ အသင်း အဖွဲ့၀င်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ကာကွယ်ဆေး ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီဉက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ပရဟိတအဖွဲ့၀င်များနှင့် ပူးပေါင်းပြီး Omicron အပါအဝင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုးကို သတိပြုကာကွယ်ရန်နှင့် ကူးစက်ပြန့်ပွားမှု မဖြစ်စေရေး၊ ကြိုတင်ကာကွယ် တားဆီးနိုင်စေရန်နှင့် ရောဂါကူးစက်မှု လျော့နည်းစေရေးအတွက် ပြည်သူများ သိရှိလိုက်နာစေရန်၊ အသံချဲ့စက်မျာ၊ Hand Spaker များဖြင့် လှည့်လည်ပြီး အသိပညာပေး နှိုးဆော်ခြင်း၊ ဒေသန္တာရ စည်းကမ်းချက်များ၊ ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များ အတိုင်းလိုက်နာမှု ရှိ/ မရှိ စစ်ဆေးခြင်း အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး ယမန်နေ့အထိ First Dose (၈၅၁၆၁) ဦး Second Dose (၆၀၄၀၀) ဦးနှင့် Third Dose (Booster Dose)(၁၄၄၇)ဦး၊ ရာခိုင်နှုန်း အားဖြင့် (၁၀၀.၄၀%) အား ထိုးနှံပေးပြီးဖြစ်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်မျှ ထိုးနှံခြင်း မရှိသေးသူများကိုလည်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက ဆက်လက်ထိုးနှံ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ညိုညိုဝင်း