ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်ရိုးသစ် (Grade-5) ဗဟို အဆင့်နည်းပြ (ToT) online သင်တန်းစတင်ဖွင့်လှစ်

ဒဂုံ တောင် ဧပြီ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်ရိုးသစ် (Grade-5) ဗဟိုအဆင့်နည်းပြ (ToT)သင်တန်းကို ယနေ့နံနက် ၉:၀၀ အချိန်မှစတင်၍ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ နဝရတ်ခန်းမတွင် online စနစ်ဖြင့် စတင်ဖွင့်လှစ် သင်ကြား‌ပေးလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အတွင်းရှိ စာသင်ကျောင်းများမှ ဆရာ၊ဆရာမ (၅၂)ဦးတို့မှ လာရောက်သင်ယူလျက်ရှိပြီး ယနေ့တွင် Generic Topics ၊ ဘာသာရပ်ဖွဲ့စည်းပု၊ Video lesson (နံရံကပ်စာစောင်လုပ်ကြမယ်)၊ တွေ့ဆုံမေးမြန်းခြင်း၊ မိမိနှစ်သက်သော အစားအစာပြုလုပ်နည်းနှင့် ပလပ်စတစ်အိပ်ကလေးခရီးစဉ် အစ ရှိသည့်ခေါင်းစဉ်များကို  သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း လည်း သိရှိရသည်။

အဆိုပါသင်တန်းတက်ရောက်ပြီးသည့် ဆရာ၊ ဆရာမများအနေဖြင့်လည်း မိမိတို့သက်ဆိုင်ရာ စာသင်ကျောင်းများသို့ ပြန်လည်ရောက်ရှိသည့်အခါ ယခု သင်ခန်းစာများအား ပြန်လည် သင်ကြားပို့ချပေးနိုင်မည်ဖြစ်ကြောင်းလည်း သိရှိရသည်။

အဆိုပါသင်ရိုးသစ် (Grade-5) (ToT )online သင်တန်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများနှင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ မိမိတို့ သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပြီး သင်တန်းကို ဧပြီလ (၂၀)ရက်နေ့မှ ဧပြီလ (၂၅)ရက်နေ့အထိ (၅)ရက်တိုင်တိုင် ဆက်လက်ဖွင့်လှစ် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကျော်စွာမိုး(ဒဂုံတောင်)