မိုင်းခုတ် ဧပြီ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အများပြည်သူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက အဆိုပါရုံး၌ ကလေးအလုပ်သမားပပျောက်ရေးနှင့် လူကုန်ကူးမှုအသိပညာပေး နံရံကပ်စာစောင်ကို ပြသထားရှိကြောင်း သိရသည်။
အဆိုပါ ကလေးအလုပ်သမားပပျောက်ရေးနှင့် လူကုန်ကူးမှုအသိပညာပေးနံရံကပ်စာစောင်တွင် ကလေးအလုပ်သမားဖြစ်စေခြင်းမှ ကာကွယ်ရန်အချက်များ၊ ကလေးသူငယ်ဥပဒေပုဒ်မ ၃၂(က/ခ)၊ ကလေးသူငယ် အခွင့်အရေးများ၊ ကလေးသူငယ်ဥပဒေပုဒ်မ ၆၆(က/ဂ/ဃ)၊ လူကုန်ကူးမှုတားဆီးကာကွယ် ရေးဥပဒေက ပေးနိုင်သောပြစ်ဒဏ်များ၊ လူကုန်ကူးခြင်းခံရပါက ဆက်သွယ်အကူအညီတောင်းခံနိုင်သည့် အရေးပေါ်ဖုန်းနံပတ်များနှင့် လူကုန်ကူးခံရနိုင်သည့် အခြေအနေများကို ပြည့်စုံစွာထည့်သွင်းပြသထားသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မိုင်းခုတ်မြို့ရုံးအနေဖြင့် အများပြည်သူများ အသိပညာဗဟုသုတရရှိစေရန် အသိပညာပေးနံရံကပ်စာစောင်များကို လစဉ်အသစ်လဲလှယ်၍ ပြသလျက်ရှိကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း (ပြန်/ဆက်)