သီပေါ ဧပြီ ၂၀
ကိုဗစ်-၁၉ရောဂါ ကူးစက်မှုလျော့နည်းပပျောက်စေရန် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းအထိ ပြည်သူ(၉၉၀၄၆)ဦးအား ထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသူများအား ယနေ့နံနက် ၉ နာရီခွဲက မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများရှိ ဆေးထိုးစုရပ်နေရာများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် သီပေါမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်(၁၁)ရပ်ကွက်နေ ပြည်သူများအား မြို့လယ်ဓမ္မာရုံဆေးထိုးစုရပ်နေရာတွင်လည်းကောင်း၊ ကျေးရွာများတွင် သတ်မှတ်ဆေးထိုးစုရပ်နေရာများတွင်လည်းကောင်း ထိုးနှံပေးလျက်ရှိကြောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက စာရင်းမှတ်တမ်းရေးသွင်းကောက်ယူခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်သန့်စင်စေခြင်းများ ဆောင်ရွက်ပေးကာ ကျန်းမာရေးဝန်ထမ်းများမှ ကိုယ်ပူချိန် တိုင်းတာစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာ စစ်ဆေးပေးခြင်းများ ဆောင်ရွက်၍ ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးကို စနစ်တကျထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူဦးရေ(၁၀၉၅၁၇)ဦး ရှိသည့်အနက် ယနေ့နံနက်ပိုင်းအထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ(၉၅၀၄၆)ဦး၊ ဆေးထိုးနှံရန် အကျုံးဝင်ပြီး ဆေးလုံးဝမထိုးနှံရသေးသူ(၁၄၄၇၁)ဦးနှင့် တစ်မြို့နယ်လုံး ကာကွယ်ဆေးထိုးနှံပြီးသည့် ရာခိုင်နှုန်း(၈၆.၇၈)ရာခိုင်နှုန်းရှိပြီဖြစ်ကြောင်း မြို့နယ် ကိုဗစ်၁၉ ရောဂါကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ သိရသည်။
ခင်လေး(သီပေါ၊ ပြန်/ဆက်)