ညောင်ဦး ဧပြီ ၂၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် လက်ပံခြေပေါ်အုပ်စု လက်ပံခြေပေါ်ကျေးရွာများသည် ညောင်ဦး-မြင်းခြံ-ပခုက္ကူ ကားလမ်းမကြီးဘေးတွင် တည်ရှိကာ လယ်ယာ၊ကိုင်း၊ကျွန်း၊ ဥယျာဉ်ခြံမြေ လုပ်ငန်းဖြင့် စီးပွားရေးလုပ်ကိုင်စားသောက်နေသော ကျေးရွာတစ်ရွာဖြစ်ကာ တောင်သူအများ စုသည် တစ်နှစ်ပတ်လုံး ပြောင်းဖူးစိုက်ပျိုးရောင်းချခြင်းဖြင့်စီးပွားရေး တွက်ခြေကိုက်နေကြကြောင်း ပြောင်းဖူးစိုက်တောင်သူများထံကသိရသည်။
အဆိုပါ လက်ပံခြေပေါ်အုပ်စုအတွင်းရှိ ကျေးရွာများသည် တစ်နှစ်ပတ်လုံးပြောင်းဖူးများသာ စိုက်ပျိုးကြပြီးတစ်နှစ်လျှင် လေးကြိမ်အထိစိုက်ပျိုးကြောင်းသိရကာ သကြားပြောင်းဖူး၊ အစီးပြောင်း ဖူးများသာစိုက်ပျိုးကြကာ အချို့ တောင်သူများက မြစ်ရေတင်ရေဖြင့်စိုက်ပျိုးကြပြီး အချို့တောင်သူများက မြေအောက်ရေတူးဖော်ကာစိုက်ပျိုးကြသည်။
ထွက်ရှိလာသည့် ပြောင်းဖူးများအား ကားလမ်းမကြီးဘေးတွင်ပုံထားကာ ဘုရားဖူးကားများ၊ မြင်းခြံ၊ ပခုက္ကူ၊ ငါ့သရောက်ညောင်ဦး၊ ပုဂံမြို့များမှ ပြောင်းဖူးပွဲစားများက လာရောက်ဝယ်ယူကြကြောင်း နှင့် ပလင်းကမ်းသာယာဆင်းစခန်းမှလည်း ဆင်စာအတွက် ပြောင်းဖူးအများအပြားလာရောက် ဝယ်ယူကြကြောင်းသိရကာ ရန်ကုန်မြို့၊ မန္တလေးမြို့ကြီးများရှိ ပြောင်းဖူးပွဲစားများသို့လည်းကားဖြင့် တင်ပို့ရောင်းချရကြောင်း တစ်ခါပို့လျှင်ပြောင်းဖူး အဖူးရေနှစ်သောင်းမှသုံးသောင်း အထိတင်ပို့နေရကြောင်း ရန်ကုန်၊ မန္တလေးသို့တင်ပို့သော ပြောင်းဖူးများအား ဆယ်ဖူးဈေး (၁၂၀) ကျပ် ဖောက်သည်ဈေးပေးကာ အခင်းသို့လာဝယ်လျှင် ဆယ်ဖူးဈေး(၈၀)ကျပ်ဖြင့်ရောင်းချကြောင်း တစ်နှစ်ပတ်လုံးပြောင်းဖူးစိုက်ပျိုးရောင်းချနေသည့် တောင်သူ ဦးဝင်းတင်ကပြောပြသည်။ မိုးရာသီ ပြောင်းဖူးစိုက်လျှင် ရက်(၉၀)ဖြင့် ပြောင်းဖူးရရှိကာ နွေရာသီစိုက်ပျိုးချိန်တွင် (၇၅)ရက်ဖြင့် ပြောင်းဖူးပေါ်ကြောင်းသိရပြီး တနှစ်လျှင် ပြောင်းဖူးလေးကြိမ်ထိ စိုက်ပျိုးနိုင်ကာ တစ်နှစ်ပတ်လုံး ပြောင်းဖူးစိုက်ပျိုးရောင်းချခြင်းဖြင့် စီးပွားရေးတွက်ခြေကိုက်နေကြောင်း ပြောင်းဖူးစိုက်ပျိုးရောင်း ချသည့် တောင်သူများထံမှ သိရသည်။
ကိုထိန်၊KPD