မိတ္ထီလာမြို့နယ်  အိုမတွေ့ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့် ဆောင်ရွက်သော ကျေးရွာတွင်း လျှပ်စစ်မီးလင်းရေးလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

မိတ္ထီလာ ဧပြီ ၂၀

မိတ္ထီလာမြို့နယ် မွေကျေးရွာအုပ်စု  အိုမတွေ့ကျေးရွာတွင်    မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရ ငွေဖြင့်  အကောင်အထည်ဖော်ဆောင်ရွက်သော ကျေးရွာတွင်း လျှပ်စစ်မီးလင်းရေးလုပ်ငန်း ရာနှုန်း ပြည့် ပြီးစီးပြီဖြစ်ကြောင်း  မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီး ဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများကို  မြို့နယ်အတွင်း ရှိ သတ်မှတ်ချက်နှင့် ညီသည့် ကျေးရွာများကို ကျေးရွာတစ်ရွာလျှင် မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေ ကျပ် သိန်း(၃၀၀)ဖြင့် နှစ်စဉ်ဘဏ္ဍာနှစ်အလိုက် ထုတ်ချေးပေးပြီး ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ၂၀၁၄-၂၀၁၅ခု ဘဏ္ဍာရေးနှစ်မှ ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာရေးနှစ် အထိ ကျေးရွာ ၅၅ ရွာကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ရာ အဆိုပါ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းဝင်ကျေးရွာများ တွင် မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေဖြင့်  စိုက်ပျိုးရေး၊ မွေးမြူရေး၊အရောင်းအဝယ်၊ လက်မှုလုပ်ငန်းများ ကျယ်ကျယ် ပြန့်ပြန့်ဆောင်ရွက်နိုင်သည့်အပြင် စီမံကိန်းရန်ပုံငွေမှ ရရှိသည့် အတိုးငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်။

ယင်းသို့ စီမံကိန်းရန်ပုံငွေမှ ရရှိသည့် အတိုးငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို  ဆောင်ရွက်လျက်ရှိရာ မွေကျေးရွာအုပ်စု အိုမတွေ့ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေ   ၉ သန်းနှင့် ကျေးရွာလူထုထည့်ဝင်ငွေ ၃၀.၄၇၅၀၀ သန်းတို့ဖြင့် အရှည်ပေ ၉၃၆၄ ပေရှိ ကျေးရွာတွင်း လျှပ်စစ် မီးလင်းရေးလုပ်ငန်းဖြစ်သော ကျေးရွာတွင်း ၄၀၀ ဗို့အားလိုင်းဆွဲခြင်းလုပ်ငန်း ဆောင်ရွက် လျက်ရှိရာ အဆိုပါလျှပ်စစ်မီးလင်းရေးလုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးဖြစ်၍ အိမ်ခြေ ၁၈၅ အိမ် လူဦးရေ ၁၀၀၄ ဦးရှိသော အိုမတွေ့ကျေးရွာတွင် လျှပ်စစ်မီးအလင်းဖြာလျက်ရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)