မာန်အောင်မြို့နယ်တွင် ရှင်သာမဏေစောင့်ရှောက်ရေးအဖွဲ့မှ ပဋ္ဌာန်းရွတ်ဖတ် ပူဇော် သံဃာတော် (၃၅)ပါးအား ဆေးပစ္စည်းနှင့် လှူဖွယ်ဝတ္တုများ ဆက်ကပ်လှူဒါန်း

မာန်အောင် ဧပြီ ၂၀

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ရှင်သာမဏေ စောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်တိုင်းရင်းဆေးခန်းမှူး ဦးမြင့်ဦး ဦးဆောင်သော အဖွဲ့ဝင်များက ညောင်ပင်လှကျေးရွာအုပ်စု၊ သံကျောက်တောင်ပေါ်တွင် ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီနေတိုး၊ ရုပ်ရှင်သရုပ်ဆောင်၊ တေးသံရှင်(မင်းသွေး)မိသားစုတို့မှ လှူဒါန်းပူဇော် ထားသော မဟာဇေယျသိဒ္ဓိကြေးသွန်းရုပ်ရှင်တော်မြတ် စံပယ်တော်မူရာ မဟာဝိမုတ္တိသုခကျောင်းတော်၌ ယခုလ ၁၉ရက်မှ ၂၁ရက်နေ့ထိ အသံမစဲပဋ္ဌာန်းပွဲတွင် ရွတ်ဖတ်ပူဇော်လျက်ရှိသည့် သံဃာတော် (၃၅)ပါး အား ယမန်နေ့ နေ့လယ်၁၂နာရီက ဆေးပစ္စည်းနှင့်လှူဖွယ်ဝတ္တုများကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါအဖွဲ့သည် မာန်အောင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် သီတင်းသုံး နေထိုင်တော် မူသော သံဃာတော်များနှင့် ရှင်သာမဏေများအား ဆေးပစ္စည်းနှင့်လှူဖွယ်ဝတ္တုများကို ပဉ္စမအကြိမ်မြောက် လှူဒါန်းခဲ့ပြီးဖြစ်ရာ ယနေ့လှူဒါန်းခြင်းသည် ဆဋ္ဌမအကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။

ယင်းအဖွဲ့ကို ဓမ္မရောင်ခြည် ဓမ္မဖေါင်ဒေးရှင်း(ရန်ကုန်)မှ ဦးဆောင်၍ မြို့နယ်များတွင် ဖွဲ့စည်းထားသော ရှင်သာမဏေများ၏ ပညာရေး၊ ကျန်းမာရေးတို့ကို စောင့်ရှောက်ပေးရန် ဖွဲ့စည်းထားသော အဖွဲ့ဖြစ်ကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)