ရန်ကုန် စက်တင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မိုးတွင်းကာလ၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လေ့ရှိရာ ရေစီးရေလာ ကောင်းမွန်စေရန်နှင့် ရေကြီးရေလျှံမှု လျှော့ချနိုင်ရန် ရေမြောင်းဆယ်ယူခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းမှစ၍ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်လျက်ရှိသည်။
ထိုကဲ့သို့ ဆောင်ရွက်ရာတွင် သံသုမာလမ်းမကြီးနှင့် ပါရမီလမ်းမကြီးတလျှောက်ရှိ ရေမြောင်းများအား ရေစီး ရေလာ ကောင်းမွန် စေရန် အမှိုက်နှင့် ရွှံ့နွံများအား စက်အင်အား၊ လူအင်အားများဖြင့် ဆယ်ယူရှင်းလင်း လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိသော လုပ်ငန်းနေရာများအား မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဇေယျာဝင်းနှင့် အဖွဲ့ဝင် များက သွားရောက်၍ ဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များနှင့် အခက်အခဲများအား ဆွေးနွေး ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။ ထို့ပြင် အဆိုပါ ရေမြောင်းများ အား ရှင်းလင်းဆယ်ယူပြီးပါက မြို့နယ်အတွင်း ရေကြီးရေလျှံမှုများ လျှော့ချနိုင်မည်ဖြစ်ကြောင်း သိရသည်။
နေထက်(ပြန်/ဆက်)