အင်းစိန် ဧပြီ ၁၉
ရန်ကုန်တိုင်းဒေသကြီး ၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ စဉ့်ငူရပ်ကွက်၌ ယမန်နေ့နံနက် ၉ နာရီအချိန်က အသက် ၁၅ နှစ်မှ အသက် ၁၈ နှစ်အတွင်းရှိသူများအား ကိုဗစ်- ၁၉ ကာကွယ်ဆေး sinovac ပထမအကြိမ်ထိုးနှံခြင်းကို ဆောင်ရွက်ရာ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာမိုးမိုးမြင့်၊ BHSP အခြေခံကျန်းမာရေး ကျွမ်းကျင်ဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်မှုနည်းလမ်းနှင့်အညီ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဆေးထိုးနှံခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်အတွင်း အသက် ၁၅ နှစ်မှ ၁၈ နှစ်အတွင်းရှိ ကျောင်းသား/သူများအပြင် ကိုရင်၊ သီလရှင်များအပါအဝင် ကျောင်းပြင်ပတွင် ကျန်ရှိနေသော ဆယ်ကျော်သက်အရွယ် လူငယ်များအားလုံး ထိုးနှံခြင်းဖြင့် မိသားစုနှင့်ပတ်ဝန်းကျင်သို့ကူးစက်ပျံ့ပွားမှုကို ဟန့်တားနိုင်ရန်နှင့် ကာကွယ်ဆေးထိုးလွမ်းခြုံမှုများ ပိုမိုမြင့်မားလာပြီး ရောဂါဖြစ်ပွား သေဆုံးမှုတားဆီးကာကွယ်ရန် ဆေးထိုးနှံခြင်း ဆောင်ရွက်ခဲ့ပြီး ကျောင်းနေပြင်ပကလေးများ ကာကွယ်ဆေးထိုးနှံမှုမကျန်ရှိစေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။
အင်းစိန်မြို့နယ်၊ ၂၁ ရပ်ကွက်အတွင်း စာရင်းကောက်ယူရာ အသက် ၁၅ နှစ်မှ အသက် ၁၈ နှစ်အတွင်း လူဦးရေစုစုပေါင်း(၁၇၂၈၇)ဦး ကာကွယ် ဆေးထိုးနှံရမည်ဖြစ်ရာ ပထမအသုတ် အဖြစ်(၂၂)ဦးကိုထိုးနှံပေးခဲ့ပြီး ကျန်ရှိ သူများကိုလည်း ရပ်ကွက်အလိုက်ကွင်းဆင်း၍ ထိုးနှံပေးမည်ဖြစ်ကာ ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေး sinovac ထိုးနှံခြင်းကို လေးပတ်အကြာ ထိုးနှံပေးမည်ဖြစ်ကြောင်းသိရသည်။
နှင်းနှင်း