တိုက်ကြီး ဧပြီ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ကိုဗစ် - ၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက် မြို့နယ်အတွင်းရှိ အသက် ၁၈ နှစ် အထက် ပြည်သူ များအား သတ်မှတ်အုပ်စုများအလိုက် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၉ နာရီ က ရန်ကုန် - ပြည်လမ်း အိုးတန်းရပ်ကွက်ရှိ မြို့နယ်သာသနာ့ဗိမာန်တော်၌ ဆက်လက်ထိုးနှံ ပေးလျက်ရှိသည်။
ထိုသို့ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီအချိန်က အသက် ၁၈ နှစ်အထက်ပြည်သူ (၂၈၆)ဦးအား ဒုတိယအကြိမ်အဖြစ် ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပရဟိတအဖွဲ့ဝင်များက ကာကွယ်ဆေးမထိုးနှံမီ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးနောက် လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်း မှတ်တမ်းစာရင်း ရေးသွင်းကောက်ယူခြင်းနှင့် ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူများကို QR Code စနစ်ပါဝင်သည့် မှတ်တမ်းစာရွက်များ ပြန်လည်ပေးအပ်ခြင်း တို့ကို ကိုဗစ် - ၁၉ ရောဂါကြိုတင် ကာကွယ်ရေး စည်းကမ်းများနှင့်အညီ ဆောင်ရွက်ပေးခဲ့သည်။
တိုက်ကြီးမြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါမျိုးရိုးဗီဇပြောင်း အိုမီခရွန်ကြိုတင် ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများ၊ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တာဝန်ရှိသူများက ဝိုင်းဝန်းကူညီဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စန်းကလျာခိုင် ( ပြန် / ဆက်)