နွေရာသီကျောင်းပိတ်ရက်ကာလ ကျောင်းသား၊ ကျောင်းသူများအတွက် အခြေခံကွန်ပျူတာ သင်တန်း ဖွင့်လှစ်

ထန်းတပင်(ရန်ကုန်) ဧပြီ ၁၉

နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူကလေးများ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးမှုရှိစေရန်နှင့် ကွန်ပျူတာပညာရပ်ကို အခြေခံတက်မြောက်စေရန် ရည်ရွယ်ကာ အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအတွက် အခြေခံကွန်ပျူတာ အသုံးပြုနည်းသင်တန်းကို ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဖွင့်လှစ်ဆောင်ရွက်ပေးလျက် ရှိသည်။

အခြေခံကွန်ပျူတာ အသုံးပြုနည်း သင်တန်းကို လူထုအခြေပြုဗဟိုဌာနခန်းမတွင် ဧပြီလ(၁) ရက်နေ့မှစတင်၍ ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းသို့ အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၀)ဦးတို့ တက်ရောက်လျက်ရှိသလို သင်တန်း ကာလမှာ ဧပြီလ(၁)ရက်နေ့မှ ဧပြီလ(၃၀)ရက်နေ့အထိ အပတ်စဉ် ရုံးဖွင့်ရက် ကာလ တနင်္လာနေ့မှ သောကြာနေ့တိုင်း ဖွင့်လှစ် ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ သင်တန်းတွင်လည်း တက်ရောက်လျက်ရှိသည့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား အခြေခံစာစီစာရိုက်နည်းများနှင့် အခြေခံကွန်ပျူတာ အသုံးပြုနည်းများကို ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဓာတ်ပုံကျွမ်းကျင်-၂(ပြ) ဦးဇင်မင်းထိုက် က စာတွေ့၊ လက်တွေ့ လေ့ကျင့်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။

ဇင်မင်းထိုက်