မြစ်ကြီးနားမြို့၊ နန်းကွေ့ကျေးရွာတွင်း ကိုယ့်အားကိုယ်ကိုး လမ်းခင်းကျင်း

မြစ်ကြီးနား ဧပြီ ၁၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နန်းကွေ့ကျေးရွာတွင်းရှိ နယ်မြေ (၆)နှင့် နယ်မြေ (၅)အား ဆက်စပ်လျက်ရှိသည့် လမ်းအပိုင်းကို ဧပြီ ၁၉ ရက်နေ့တွင် တတိယနေ့အဖြစ် ကိုယ့်အားကိုယ်ကိုး လမ်းခင်းကျင်းခြင်းလုပ်ငန်းကို တပျော်တပါး ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ လမ်းအပိုင်းအား ဧပြီ ၇ ရက်နေ့မှစတင်ကာ ကိုယ့်အားကိုယ်ကိုး လမ်းခင်းကျင်းခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် နန်းကွေ့ကျေးရွာ ဓမ္မရက္ခိတ ဘုရားကြီးကျောင်းတိုက် ပဓာနနာယက ကချင်ပြည်နယ် သံဃနာယက ဥက္ကဋ္ဌ(ရွှေကျင်) ဆရာတော် ဘဒ္ဒန္တဇာနေယျ၊ နန်းကွေ့ကျေးရွာ မဟာဂန္ဓာရုံကျောင်းတိုက်၏ ဦးစီးပဒါနနာယက နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် မဟာသဒ္ဓမ္မ ဇောတိကဓဇ သာသနာ့ဓဇ ဓမ္မာစရိယ ဝိနယဝိဒူ အင်္ဂုတ္တရ နိကာယဝိဒူ ဆရာတော်ဘဒ္ဒန္တ ဟိတေသိတနှင့် နန်းကွေ့ကျေးရွာအတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၉)ကျောင်းမှ ဆရာတော်ကြီးများ ဦးဆောင်ကာ ဒေသခံပြည်သူများ၊ ပူတာအိုမြို့နေ အလှူရှင်များ စုပေါင်းလှူဒါန်းငွေကျပ် သိန်း (၃၀)ကျော်ဖြင့် လမ်းအပိုင်းအား ခွဲကျောက် ခင်းကျင်းခြင်းလုပ်ငန်းကို ဆောင်ရွက်နေခြင်းဖြစ်သည်။

ယခုကိုယ်ထူကိုယ်ထ ခင်းကျင်းလျက်ရှိသည့် လမ်းအပိုင်းမှာ အရှည် (၄၅၄၇) ပေရှိပြီး နေ့စဉ်နှင့်အမျှ ရဟန်းရှင်လူ ပြည်သူအများ၊ ကျောင်းသား/သူများ အသုံးပြုလျက်ရှိနေပြီး မိုးရာသီတွင် လမ်းအပိုင်းမှာ သွားလာရန်ခက်ခဲမှုများ ရှိနေခြင်းကြောင့် ယခုကဲ့သို့ ပြုပြင်ရခြင်းဖြစ်ကြောင်းနှင့် ယခုအခါ လမ်းခင်းကျင်းမှုမှာ (၇၀)ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင်း ဦးဆောင်နာယက ဆရာတော်ကြီးများထံမှ သတင်းရရှိသည်။

ယော်ဆောင်(ပြန်/ဆက်)