မြောက်ဥက္ကလာပ စက်တင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်(၁)နှစ် ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း၊ ကလေးငယ်များအား ကိုယ်အလေးချိန်နှင့် ကျန်းမာရေးစစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီ က (ဆ)ရပ်ကွက် အုပ်ချုပ်ရေး မှူးရုံးတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဆရာမဒေါ်ခင်သီတာအောင်နှင့် ဝန်ထမ်းများ၊ (ဆ) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်ထက်ထက်ဝင်းနှင့်အဖွဲ့များက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရာတွင် ကျန်းမာရေးဝန်ထမ်းများက ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များ အား ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရန်နှင့် လူစုလူဝေးမဖြစ်စေရန်အတွက် ကလေးငယ်များအား အလှည့်ကျဆေးထိုး၊ ဆေးတိုက်ပေး ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ဆေးထိုးဆေးတိုက်ဆောင်ရွက်ရာတွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များအား အသက်အရွယ်အလိုက် လစဉ် ဘီစီဂျီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဦးနှောက် အမှေးရောင်၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန် အဆုတ်ရောင်(ပီစီဗွီ)၊ ဝက်သက်၊ ဂျိုက်သိုးရောဂါ ကာကွယ်ဆေး စသည်တို့ကို ထိုးနှံပေးခြင်း ပိုလီယိုအကြောသေရောဂါ ကာကွယ်ဆေး တိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များ အား မေးခိုင်၊ ဆုံဆို့ကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့် ကျန်းမာရေးအသိ ပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)