နမ္မတူမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာ သုတေသီ ဘုန်းမြင့်သွေး၏ “ထူးချွန်ချင်တဲ့စိတ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

နမ္မတူ ဧပြီ ၁၉

စာအုပ်စာပေဝါသနာပါသူ (Book Club) အဖွဲ့ဝင်များစုစည်း၍ စာရေးဆရာ သုတေသီဘုန်းမြင့်သွေး၏ “ထူးချွန်ချင်တဲ့စိတ်” စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ဧပြီလ (၁၉)ရက်နေ့ မွန်းလွဲ (၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ရှေ့ဦးစွာ နမ္မတူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်စိုးစန္ဒာဝိုင်းက စာအုပ်တစ်အုပ်ရဲ့အပေါ်မှာ တစ်ဦးနှင့်တစ်ဦးမတူညီတဲ့ အတွေးအမြင်သစ်တွေ၊ စာအုပ်မှရရှိသော အသိပညာဗဟုသုတလေးတွေကို တစ်ဦးနှင့်တစ်ဦး မျှဝေနိုင်ရန်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်နှင့်လည်း ရင်းနှီးကျွမ်းဝင်မှုပိုမိုရရှိကာ စာအုပ်စာပေကောင်းများ လေ့လာရှာမှီးတတ်စေရန်ရည်ရွယ်၍ စာအုပ်စာပေ ဝါသနာပါသူ (Book Club)အဖွဲ့ဝင်များဖြင့် ပူးပေါင်းကာ စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ “ထူးချွန်ချင်တဲ့စိတ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းအားကျင်းပရာ (Book Club)အဖွဲ့ အဖွဲ့ဝင် မလှလှထွေးက “ကိုယ့်စိတ်နှင့်ကိုယ့်အလုပ်” ခေါင်းစဉ်ပါ အကြောင်းအရာများဖြင့် လည်းကောင်း၊ အဖွဲ့ဝင် မရီရီဝင်းက “ရုပ်ကိုအစာကျွေးသလို စိတ်ကိုအစာကျွေးပါ”  ခေါင်းစဉ်ပါ အကြောင်းအရာများဖြင့်လည်းကောင်း၊ (Woman Club)အဖွဲ့ဝင် မကုဋေဦးက “စိတ်အကြံမြင့်ပါစေ” ခေါင်းစဉ်ပါ အကြောင်းအရာများဖြင့်လည်းကောင်း၊ အဖွဲ့ဝင် မမိုးငယ်က “ကုသိုလ်စိတ်နှင့် အကုသိုလ်စိတ်” ခေါင်းစဉ်ပါ အကြောင်းအရာများဖြင့်လည်းကောင်း၊ (Youth Club) အဖွဲ့ဝင် မမြတ်သူနှင်းက “ထူးချွန်ချင်တဲ့စိတ်” ခေါင်းစဉ်ပါ အကြောင်းအရာများဖြင့် လည်းကောင်း အသီးသီးဆွေးနွေးခဲ့သည်။

ယခုလို စာဖတ်ဝိုင်းဆွေးနွေးပွဲများကို စာအုပ်စာပေဝါသနာပါသူ (Book Club)အဖွဲ့ဝင်များဖြင့် ပူးပေါင်းကာ လစဉ်စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်စိုးစန္ဒာဝိုင်းထံက သိရသည်။

လူမော် (ပြန်/ဆက်)