ငါန်းဇွန်မြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်း စားဖိုဆောင်နှင့် လူနေအိမ်အချို့ ပျက်စီး

ငါန်းဇွန်   ဧပြီ ၁၉

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်တွင် ယမန်နေ့ည ၇နာရီအချိန်က မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် လူနေအိမ်အချို့ ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ ကြောင်းသိရသည်။

မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ငါန်းဇွန်မြို့နယ် ပန်းရွာကျေးရွာအုပ်စု ဆေးခင်းကျေးရွာတွင် လူနေအိမ်(၃)လုံး၊ ဘုန်းတော်ကြီးကျောင်း စားဖိုဆောင်(၁)ခု၊ ခြင်္သေ့လက်ကျေးရွာအုပ်စု ရွှေတွင်း ကုန်း ကျေးရွာတွင် လူနေအိမ်(၁)လုံး၊ ကုလားရွာကျေးရွာအုပ်စု ကုလားရွာကျေးရွာတွင် လူနေအိမ် (၁)လုံးနှင့် ရွာသစ်ကျေးရွာအုပ်စု ရွာသစ်ကျေးရွာတွင် လူနေအိမ်(၁)လုံးတို့ အမိုးလန်ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထိုသို့ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်နှင့် အဆောက်အဦးအချို့ အမိုးလန်ပျက်စီးမှု ဖြစ်ပေါ်ခဲ့သော်လည်း လူနှင့် တိရိစ္ဆာန်များ ထိခိုက်ပျက်စီးမှုမရှိကြောင်းနှင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်မှ မိသားစုများမှာ ၎င်းတို့၏နေအိမ်များတွင်သာ နေထိုင်လျက်ရှိကြောင်းနှင့် အမိုးလန်ပျက်စီး ခဲ့မှုများအား သက်ဆိုင်ရာကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရွာခွဲတာဝန်ခံများက ဦးဆောင်၍ ဝိုင်းဝန်းကူညီ ပြုပြင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)