မိတ္ထီလာ ဧပြီ ၁၉
မိတ္ထီလာမြို့တွင်ခရီးသွားပြည်သူများအားကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများထိုးနှံပေးခြင်းလုပ်ငန်းအား ယနေ့နံနက် ၉ နာရီအချိန်က မိတ္ထီလာ-ရန်ကုန်ကားလမ်းမ ဖောင်တော်ထိပ်ဘုရား(ရပ်တော်မူဘုရား) အနီးတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနဝန်ထမ်း များ နှင့်တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ကြောင်းသိရသည်။
မိတ္ထီလာမြို့တွင်းကို ဖြတ်သန်းသွားတဲ့ ခရီးသွား ခရီးသည်ယာဉ်များတွေနဲ့ အိမ်စီးမော်တော်ယာဉ်တွေပေါ် မှာ လိုက်ပါစီးနင်းလာတဲ့ ခရီးသွားပြည်သူတွေကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထိုးနှံပေးတာဖြစ်ပါ တယ်။ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး လုံးဝထိုးနှံခြင်းမရှိသေးတဲ့သူတွေ၊ ပထမအကြိမ် ထိုးနှံပြီး ဒုတိယ အကြိမ်ထိုးနှံရန် ကျန်ရှိသူတွေကို သတ်မှတ် စည်းကမ်းချက်များနဲ့အညီ စစ်ဆေးပြီး ထိုးနှံပေးတာ ဖြစ်ပါ တယ်။ ခရီးသွား မော်တော်ယာဉ်တွေပေါ်မှာလိုက်ပါလာတဲ့ ခရီးသွားပြည်သူတွေကို ဖောင်တော်ထိပ် ဘုရား (ရပ်တော်မူဘုရား)မှာရှိတဲ့ ဓမ္မာရုံအတွင်းမှာ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများထိုးနှံပေးတာပါ။ ဒီနေ့ ဧပြီလ ၁၉ ရက်နေ့ကနေ ဧပြီလ၂၄ရက်နေ့အထိ ခရီးသွားပြည်သူတွေကို ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုးနှံ ပေးခြင်း လုပ်ငန်းကို ဆောင်ရွက် သွားမှာဖြစ်ပါတယ်ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။
နိုင်ငံတစ်ဝန်း၌ နေ့စဉ် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုနှုန်း သိသိသာသာလျော့ကျသွားပြီဖြစ်သော်လည်း ဒေသခံ ပြည်သူများနှင့် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများထိုးနှံပေးခြင်းအား မိတ္ထီလာ မြို့နယ် အပါအဝင် နေရာဒေသအသီးသီးတွင် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ချမ်းသာ