ဒေးဒရဲ ဧပြီ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စွာ ပြုစုနိုင်ရေး၊ ကိုင်ဆောင်လက်မှတ် နံပါတ်များ မှန်ကန်မှုရှိစေရေးနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ နိုင်(၄) ရိုက်သွင်းခြင်းလုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးရေး ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ နိုင်ငံသားကိုယ်ရေးမှတ်တမ်း အချက်အလက် နိုင်(၄) မှတ်တမ်းများအား Computer Software Program အသုံးပြု၍ စာရင်းရေးသွင်းခြင်းအား ဒေးဒရဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဧပြီလ(၁) ရက်နေ့မှစတင်၍ မြို့ပေါ်ဌာနဆိုင်ရာများ၏ အကူအညီဖြင့် မှတ်တမ်းရေးသွင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ဒေးဒရဲမြို့နယ်အတွင်းတွင် e-ID စနစ်ဖြင့် နိုင်(၄)မှတ်တမ်း စာရင်းရေးသွင်းရန် လူဦးရေ (၂၄၇၂၅၆)ဦးအား ရက်ပေါင်း (၆၀)အတွင်း ပြီးပြတ်အောင် မှတ်တမ်းထည့်သွင်း ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှ တာဝန်ရှိသူ (၆)ဦးမှ အနီးကပ်ကြီးကြပ်မှုဖြင့် မှတ်တမ်းခေါ်သူ (၁၄)ဦး၊ မှတ်တမ်းရိုက်သူ (၁၄)ဦး၊ ကွန်ပျူတာ (၁၄)လုံးဖြင့် တစ်နေ့လျှင် ကွန်ပျူတာ (၁)လုံးမှ လူဦးရေ (၃၀၀)ဦးနှုန်းဖြင့် စုစုပေါင်း လူဦးရေ (၄၁၂၁)ဦးအား သတ်မှတ်ရက်အတွင်းပြီးစီးရန် မှတ်တမ်းရေးသွင်း ဆောင်ရွက်လျက်ရှိသည်။
အဆိုပါစနစ်ဖြင့် မှတ်တမ်းရေးသွင်းခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးတို့က ဦးဆောင်၍ ဒေးဒရဲမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အေဇာလင်း(ပြန်/ဆက်)