ကျောက်ဖြူ ဧပြီ ၁၉
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က စာရေ ဆရာ ချစ်နိုင် (စိတ်ပညာ)ရေးသားသော ‘စာအုပ်ကလူကိုပြုပြင်ပါတယ်’ စာအုပ်ဖြင့် စာပေ ချစ်မြတ်နိုးသူများ အသင်း Book Club, Youth Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ချစ်ချစ်သန်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး Book Club အဖွဲ့ဝင် ဦးအောင်တင့် (မြန်မာ့စီးပွားရေး ဘဏ်ငြိမ်း)က ‘လောကထဲက လူလေးမျိုး’ စာအုပ်ပါ ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ဒေါ်ခင်မာအောင် (ဒုတိယဦးစီးမှူး)က ‘အောင်မြင်နည်း ကောက်နုတ်ချက်’ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Youth Club အဖွဲ့ဝင် မစုမြတ်နိုးက ‘စာဖတ်ရခြင်း အကြောင်းအရင်း’ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မခင်မြင့်မြတ်က ‘စာအုပ်က လူကို ပြုပြင်တယ်’ ခေါင်းစဉ်ပါအကြောင်း အရာများဖြင့် အသီးသီးအပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
အဆိုပါစာဖတ်ဝိုင်းသို့ Book Club အဖွဲ့ဝင် ဦးအောင်တင့် (မြန်မာ့စီးပွားရေးဘဏ်ငြိမ်း)နှင့် Youth Club အဖွဲ့ဝင်(၅)ဦး ပူးပေါင်းဆွေးနွေးခဲ့သည်။
ကျောက်ဖြူခရိုင်၊ ပြည်သူ့စာကြည့်တိုက်အနေဖြင့် လစဉ် Online မှ ရုံးချုပ်က လစဉ်ပေးပို့လာသည့် စာအုပ်အသစ်များဖြင့် စာဖတ်ပရိတ် သိရှိအောင် ကြော်ငြာပေးခြင်း၊ ပုံပြင်ပြောခြင်း၊ ကဗျာရွှတ်ဆိုခြင်း၊ စက္ကူပန်းအလှခေါက်နည်းများကို ပြည်သူ့ စာကြည့်တိုက် Face book page မှတဆင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း