သိန္နီ ဧပြီ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးခရိုင်၊ သိန္နီမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စာပေအသိပညာ ဗဟုသုတတိုးပွားရေး၊ စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရေးအတွက် စာအုပ်/စာစောင်များကို နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် ဌာနဆိုင်ရာရုံးများအရောက် လှည့်လည်ငှားရမ်းပေးခြင်းကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီအချိန်က သွားရောက်ဆောင်ရွက်ခဲ့သည်။
ထိုသို့ ငှားရမ်းရာတွင် ဒေသခံပြည်သူများဗဟုသုတဖြစ်စေရန်၊ သုတစာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များ၊ ဝတ္ထုစာအုပ်များ၊ ဂျာနယ်များနှင့် ကလေးအတွက် ရုပ်ပြစာအုပ်များ၊ပုံပြင်စာအုပ်များကို သိန္နီမြို့ရှိ စာရင်းစစ် ရုံးနှင့် စည်ပင်သာယာရေးရုံးများသို့ သွားရောက်ငှားရမ်းပေးခြင်းဖြစ်သည်။ သိန္နီမြို့တွင်လူဦးရေ (၉၈၅၇) ဦး နေထိုင်လျက်ရှိရာ ပြည်သူ့စာကြည့်တိုက်သို့ လာရောက်ငှားရမ်းဖတ်ရှု့ရန်အခက်အခဲရှိသူများကို နယ်လှည့် စာကြည့်တိုက်စာငှားစနစ်ဖြင့် သွားရောက်ငှားရမ်းပေးလျက်ရှိကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာချိုထံမှ သိရသည်။
စောဥမ္မာ(သိန္နီ)