နောင်တရား ဧပြီ ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ အနီးပတ်ဝန်းကျင်၌ ရေသွင်းအာလူး စိုက်ပျိုးဖြစ်ထွန်း အောင်မြင်လျက်ရှိကြောင်း အာလူးစိုက်ပျိုးသည့် တောင်သူတစ်ဦးထံမှ သိရသည်။
“ဒီနှစ်နွေအာလူးစိုက်တာ အောင်မြင်သွားပြီလို့ပြောလို့ရတယ် အရင်နှစ်တွေတုန်းကဆို အာလူးမပွင့်ခင်မှာ ရေကုန်သွားတာနဲ့ ကြုံတော့ အာလူးမဥဘူးပေါ့ ဒီနှစ်ကတော့ နွေရာသီမှ မိုးက တစ်ကြိမ်နှစ်ကြိမ်ရွာလိုက်တော့ ရေလည်းမခမ်းသွားဘူး ရေမသွင်းတော့ရင်တောင် ရနေပြီ မိုးကြိုအာလူးနှင့် စကအာလူးကတော့ မစိုက်ရဲဘူး ပင်ညိုးများတယ် စိုက်ရင်လဲရှုံးဖို့များတယ် နွေအာလူးကိုဘဲ အားထည့်ပြီးစိုက်ကြပါတယ်” ဟု နောင်တရားမြို့ အမှတ်(၂)ရပ်ကွက်မှ အာလူးစိုက်တောင်သူတစ်ဦးက ပြောသည်။
နောင်တရားမြို့ ပတ်ဝန်းကျင်ဒေသများတွင် အာလူးကို နွေ၊ မိုး၊ ဆောင်း သုံးရာသီ စိုက်ပျိုးလျက်ရှိပြီး ထွက်ရှိလာသည့် အာလူးများကို အောင်ပန်းကုန်စည်ဒိုင်သို့ တင်ပို့ရောင်းချလျက်ရှိသည်။ ထို့ပြင် နောင်တရားအာလူးအသင်းအဖွဲ့မှ စုပေါင်း၍ အာလူး အအေးခန်းကို တည်ဆောက်ပြီး အာလူးမျိုးများထိန်းသိမ်းခြင်းနှင့် အာလူးမျိုးတင်သွင်းခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)