စိုက်ပျိုးရေးလုပ်ငန်းများတွင် မြေ‌ဆွေး၊ နွားခြေး၊ ကြက်ခြေးများ ပြန်လည်အသုံးပြုလာ

နောင်တရား ဧပြီ ၁၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ အနီးပတ်ဝန်းကျင်များ၌ စိုက်ပျိုးရေးလုပ်ငန်းများတွင် မြေဆွေး၊ နွားခြေး၊ ကြက်ခြေးများကို ပြန်လည်အသုံးပြုလာကြောင်း စိုက်ပျိုးရေးတောင်သူတစ်ဦးက ပြောသည်။

“စိုက်ပျိုးရေးစရိတ်တွေမြင့်မားလာလို့ ယခုတောင်ယာလုပ်ငန်းတွေမှာ မြေဩဇာတွေ လျော့သုံးပြီး မြေဆွေး၊ နွားခြေး၊ ကြက်ခြေးတွေကို ပိုသုံးလာတယ် မိဘတွေလက်ထက်ကတော့ နွားခြေးနှင့် မြေဩဇာမျှသုံးတယ်၊ အရင်နှစ်တွေတုန်းကဆို ‌နွားခြေးမထည့်သုံးတော့ဘူး မြေဩဇာကိုဘဲ အလွန်ကျွန်သုံးတော့ မြေချဉ်တာတွေဖြစ်လာပြီး စိုက်ပျိုးမရတော့ဘူး လုပ်အားခနှင့် မြေဩဇာ၊ မျိုးစေ့တွေ ဈေးကြီးတော့ စိုက်ပျိုးရေးလုပ်ငန်းမှာ လျော့လို့ရတာဆိုလို့ မြေဩဇာဘဲရှိတယ် ဒါကြောင့် မြေဩဇာအစား နွားခြေးကို အစားထိုး ပြန်သုံးလာတာပါ” ဟု နောင်တရားမြို့ အမှတ် (၁)ရပ်ကွက်မှ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ တောင်သူတစ်ဦးက ပြောသည်။

နောင်တရာမြို့ ပတ်ဝန်းကျင်များတွင် အာလူး၊ ဂျင်း၊ ဂေါ်ဖီထုပ်၊ ထောပတ်၊ လိမ္မော်၊ ငရုတ် စသည့် အခြေခံစားသောက်ကုန်များကို အဓိကထား စိုက်ပျိုးကြသည်။ အဆိုပါ သီးနှံများအတွက် ကုန်ကျစရိတ်များလျော့ချရန်နှင့် မြေဆီလွှာပြုပြင်ထိန်းသိမ်းရန်အတွက် မြေဆွေး၊ နွားခြေးနှင့် ကြက်ခြေးများကို ပိုမိုအသုံးပြုဖြစ်ကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)