ကျောက်ဆည် စက်တင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကျောက်ဆည်မြို့အဝင် ရန်ကုန်-မန္တလေးလမ်း ကားလမ်းမပေါ်၌ နှာခေါင်းစည်းတပ်ဆင်သွားလာမှု မရှိသူများအား အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်ထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် ကျောက်ဆည်မြို့အဝင် ဆင်နှစ်ကောင်အနီး ရန်ကုန်-မန္တလေး ကားလမ်းမပေါ်တွင် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များဖြင့် ဖြတ်သန်းသွားလာနေသော ပြည်သူများအား နှာခေါင်းစည်းများ တပ်ဆင်ထားခြင်း ရှိ၊ မရှိ စစ်ဆေးကာ တပ်ဆင်ထားခြင်းမရှိသူများအား နှာခေါင်းစည်း (၂) ခုလျှင် ငွေကျပ် (၅၀၀၀) ဖြင့် ဝယ်ယူစေကာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ပြည်သူများ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသောလမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရေး ရပ်ကွက်/ကျေးရွာများတွင် အသံချဲ့စက်များဖြင့် နှိုးဆော်ခြင်း၊ နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်စေရန် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တင်တင်ထွေး(ခရိုင်ပြန်/ဆက်)