တာမွေမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်မျှမထိုးနှံရသေးသူများအား ရပ်ကွက်များအတွင်း ကွင်းဆင်း ထိုးနှံပေး

တာမွေ ဧပြီ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးစုရပ်နေရာများသို့ ကာကွယ်ဆေးလာရောက်မထိုးနှံနိုင်သည့် မြို့နယ်အတွင်းရှိ ပြည်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက သက်ဆိုင်ရာ ရပ်ကွက်များအတွင်း နယ်လှည့်ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းအချိန်က တာမွေမြို့နယ်ရှိ မအူကုန်းရပ်ကွက်နှင့် ပုဏ္ဏားကုန်းရပ်ကွက်များရှိ  ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးတစ်ကြိမ်မျှ မထိုးနှံရသေးသူ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ကွင်းဆင်းထိုးနှံပေးလျက် ရှိကြောင်းသိရသည်။

“ဒီနေ့ ဒီနေရာမှာ ကျွန်မတို့လို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလုံးဝ မထိုနှံရသေးသူတွေကို ရပ်ကွက်များအထိ လိုက်လံ ကွင်းဆင်းထိုးနှံပေးတဲ့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေကို ကျေးဇူးအထူး တင်ရှိပါတယ်။ အရင်ကတည်းက သူများတွေ ထိုးနှံတာကိုမြင်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံချင်ခဲ့ပေမဲ့ မိသားစုစားဝတ်နေရေးအတွက် အလုပ်ကလည်း ရှိတော့ ဆေးထိုးစုရပ်အထိ သွားရောက်မထိုးနှံဖြစ်ခဲ့တာပါ။ အခုလို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ရပ်ကွက်များအတွင်း ကွင်းဆင်းထိုးနှံပေးတဲ့အတွက် သွားရေးလာရေးကစလို့ အရမ်းကို အဆင်ပြေမှု ရှိပါတယ်” ဟု ဆေးလာရောက်ထိုးနှံသူ ပြည်သူ တစ်ဦးက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို  ၂၀၂၁-ခုနှစ် ဩဂုတ်လ (၂)ရက်နေ့မှ စတင်၍ ဆေးထိုးစုရပ်နေရာများတွင် ပုံမှန်ထိုးနှံပေးလျက်ရှိသလို အခက်အခဲအကြောင်း အမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးစုရပ်နေရာများသို့ ကာကွယ်ဆေး လာရောက်မထိုးနှံနိုင်သည့် မြို့နယ်အတွင်းရှိ ပြည်သူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ရပ်ကွက်များအတွင်း နယ်လှည့် ကွင်းဆင်း၍ ထိုးနှံပေးလျက်ပြီး ယနေ့အထိ တာမွေမြို့နယ်အတွင်းရှိ ပြည်သူ (၈၂၄၁၄)ဦးကို (ပထမအကြိမ်)အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ခဲ့ပြီး မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးစီးသူ (၇၄၅၆၅)ဦးအထိရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသူများကိုလည်း ရပ်ကွက်များအတွင်း နယ်လှည့်ကွင်းဆင်း၍ ဆက်လက်ထိုးနှံပေးသွား မည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များအား အမျိုးသားရေးအသွင်ဖြင့် မှတ်ယူပြီး ဆက်လက်လိုက်နာကြရန် မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီမှ စဉ်ဆက်မပြတ် နှိုးဆော်လျက်ရှိကြောင်း သတင်းရသည်။

နိုင်လင်းအောင်(တာမွေ)