ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်၌ Online မှတစ်ဆင့် အသိပညာပေးဟောပြောပွဲကျင်းပ

ပုဗ္ဗသီရိ ဧပြီ ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ Online မှတစ်ဆင့် အသိပညာပေးဟောပြောပွဲများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက "စာတတ်သူတို့ စာဖတ်စို့" ခေါင်းစဉ်ဖြင့် ဟောပြောပွဲ ကျင်းပခဲ့သည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးအနေဖြင့် လူငယ်များ အသိပညာဗဟုသုတများစွာရရှိပြီး တွေးခေါ်မှု မြင့်မားလာစေရန်၊ လူတော်လူကောင်းများ အဖြစ်ခြင်းဖြင့် ရွှေရောင်အနာဂါတ်ကို ပိုင်ဆိုင်ကြစေရန်ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေးဟောပြောပွဲများကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် စာရေးဆရာစိန်ဝင်းနွယ် က " စာတတ်သူတို့ စာဖတ်စို့ " ခေါင်းစဉ်မှ " စာပေတတ်မြောက်ပြီး စာဖတ်ခြင်းကြောင့် ရရှိလာတဲ့အကျိုးကျေးဇူးကို ခံစားတတ်ရန်လိုကြောင်း၊ စာပေကိုမွှေ့လျော်ခြင်းဖြင့် စာပေက ပေးအပ်လာမယ့် ပျော်ရွှင်နှစ်သက်ဖွယ်များကို ခံစားတတ်ရန်လိုကြောင်း၊ စာဖတ်ခြင်းဟာ လျှောက်လှမ်းနေတဲ့ ဘဝခြေလှမ်းများပင်ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုမှာ ရုပ်ဝတ္ထုအရင်းမြစ် ဓနငွေကြေးအရင်းအမြစ် လူသားအရင်းအမြစ်တို့ဟာ အရေးပါသမြဲ ဖြစ်ကြောင်း၊ စာပေဗဟုသုတကြွယ်ဝခြင်းဟာ လူ့ဘဝရဲ့ အကြောင်းအကျိုး၊ အကောင်းအဆိုး တို့ကို သိမြင်နိုင်ကြောင်း၊ ဝေဖန်ပိုင်းခြားနိုင်ကြောင်း၊ ဘဝတစ်လျောက် ကောင်းစွာ ပြုမူကျင့်ကြံနေထိုင်ခြင်းကို စာပေးကပေးပါကြောင်း၊ စာပေမှရကြောင်း၊ စာဖတ်ခြင်းဟာ ကိုယ်၊ နှုတ်၊ နှလုံးကို ယဉ်ကျေးသိမ်မွေ့လာစေကြောင်း၊ မိမိမှာ မိတ်ကောင်းဆွေကောင်း အမြဲရှိ နေသလို၊ မိမိလက်ဝယ်မှာ စာကောင်းပေကောင်းတစ်အုပ် အမြဲရှိရန်လိုကြောင်း၊ စာဖတ်သူတို့ ပျော်ရွှင်စေရန် အသိအလိမ္မာရရှိစေရန် အကြောင်းအကျိုးဆင်ခြင်နိုင်စေရန်  စေတနာတို့ကို အရင်းခံထားတဲ့ ရေးသားထားသော စာအုပ်မှန်သမျှဟာ မိမိရဲ့မိတ်ဆွေများပင်ဖြစ်ကြောင်း" စသည့်အကြောင်းအရာများကို ဟောပြောခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများရရှိစေရန်တွက် Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)