ထန်းတပင်(ရန်ကုန်) စက်တင်ဘာ ၂
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ သစ်တောပျိုးဥယျာဉ် တည်ထောင်အသုံးပြုရာတွင် ပါဝင်သွားသော လယ်ယာမြေ အတွက် တောင်သူတစ်ဦးအား လျော်ကြေးငွေပေးအပ်ခြင်းကို စက်တင်ဘာလ(၂)ရက်နေ့၊ နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
လယ်ယာမြေအတွက် လျော်ကြေးငွေပေးအပ်ရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထွန်း၊ တိုင်းဒေသ ကြီး(၁) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဘုန်းကျော်စံဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းနှင့် မြို့နယ်သစ်တောဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးသိန်းဝင်းဇော်တို့က သစ်တောပျိုးဥယျာဉ် တည်ထောင်အသုံးပြုရာ တွင် ပါဝင်သွားသော လယ်ယာမြေ(၂.၅၇)ဧကအတွက် တစ်ဧကလျှင် ငွေကျပ်သိန်းတစ်ရာနှုန်းဖြင့် ငွေကျပ်(၂၅၇) သိန်းကို အစုကြီးကျေးရွာနေ တောင်သူ ဒေါ်အေးပို လက်ဝယ်အရောက် ပေးအပ်ခဲ့ကြကြောင်း သိရသည်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြည်လှပစေရေးအတွက် သစ်တောပျိုးဥယျာဉ်ကို (၁၉၉၄)ခုနှစ် မှ စတင်၍ ထန်းတပင်မြို့နယ်အတွင်း တည်ထောင်အသုံးပြုခဲ့ပြီး သစ်တောပျိုးဥယျာဉ် တည်ထောင်အသုံးပြုရာတွင် ပါဝင်သွားသော လယ်ယာ မြေ (၂.၇၅)ဧကရှိသည့်အနက် လျော်ကြေးငွေ လက်ခံရယူလိုသည့် တောင်သူတစ်ဦး ၏ လယ်ယာမြေ (၂.၅၇) ဧကအတွက် လျော်ကြေးငွေကို ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)