ပုဗ္ဗသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံမှု ဆောင်ရွက်

ပုဗ္ဗသီရိ ဧပြီ ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန် ကျေးလက်ကျန်းမာရေးဆေးခန်း၌ ယမန်နေ့နံနက်ပိုင်းက Covid -19 ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။ 

ထိုသို့ဆောင်ရွက်ရာတွင် ကာကွယ်ဆေးလာရောက်ထိုးနှံသူများအား ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ တာဝန်ရှိသူများက စာရင်းရေးသွင်းခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးထဲတွင်ရှိသည့် အောက်ဆီဂျင်ပမာဏတိုင်းတာခြင်း၊ အပူချိန်တိုင်းတာခြင်းများ ဆောင်ရွက် ပေးခဲ့ပြီး သတ်မှတ်ချက်နှင့် ကိုက်ညီမှသာ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်သည်။

ကာကွယ်ဆေးထိုးနှံရာတွင် ကျည်တောင်ကန်ကျေးရွာအုပ်စုအတွင်းရှိ အသက်(၁၈)နှစ်အထက် ပြည်သူများအား မြို့နယ်ခုတင်(၅၀)ဆံ့ ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပရဟိတအဖွဲ့များက လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)