ကော့သောင်းမြို့တွင် ယမန်နေ့ ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများ ရုတ်တရက်တိုက်ခတ်မှုကြောင့် အပင်များကျိုးကျကာ လူဝင်မှုနှင့်ပြည်သူ့အင်အားဦးစီးဌာန ဝန်ထမ်းအိမ်ရာခေါင်မိုးပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါနေ့ ညနေပိုင်းက ကော့သောင်းမြို့တွင် မိုးကြိုးများပစ်၍ ရုတ်တရက်လေပြင်းများ တိုက်ခတ်လာပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ကော့သောင်းမြို့၊ ဘုရင့်နောင်ရပ် ကွက်အတွင်းရှိ လူဝင်မှုနှင့်ပြည်သူ့အင်အားဦးစီးဌာန ဝန်ထမ်းအိမ်ယာအနီးရှိ သရက်ပင်ကြီး ကျိုးကျသဖြင့် တိုက်ခံတစ်ထပ် နှစ်ခန်းတွဲ ဝန်ထမ်းအိမ်ရာမှ သွပ်အမိုးနှင့် မျက်နှာကျက်များ ပျက်စီးခဲ့ရခြင်းဖြစ်သည်။
ဖြစ်စဉ်နှင့်စပ်လျဉ်း၍ လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရခြင်းမရှိကြောင်းနှင့် ကော့သောင်း ခရိုင်နှင့် မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကော်မတီ၏ စီစဉ်မှုဖြင့် နယ်မြေခံ တပ်မတော်သားများ၊ မြို့နယ်မီးသတ်ဦးစီးဌာန တပ်ဖွဲ့ဝင်များ၊ လျှစ်စစ်ဓာတ်အားပေးရေးဌာန တာဝန်ရှိသူများအဖွဲ့ဖြင့် လိုအပ်သည့် ကူညီရှင်းလင်းမှုလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)