ဆီဆိုင် ဧပြီ ၁၈
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော မြို့လုံးကျွတ် အန္တရာယ်ကင်းပရိတ် ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ဆီဆိုင်မြို့၊ မြကန်သာရပ်ကွက်ရှိ ဇဝနာရာမစာသင်ကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ထားထားဦးနှင့်အဖွဲ့ဝင်များ၊ ဒေသခံပြည်သူလူထုများက နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ဆီဆိုင်မြို့၊ ဇဝနာရာမစာသင်ကျောင်းတိုက်၊ ကျောင်းထိုင်ဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ ဆရာတော်ဘဒ္ဒန္တကောဝိဒထံမှ ငါးပါးသီလဆောက်တည်ကြပြီး သံဃာတော် အရှင်သူမြတ်(၁၁)ပါးတို့မှ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်တော်မူကြသည်။
ထို့နောက် တာဝန်ရှိသူများက သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုများ ဆက်ကပ် လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေ၍ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု(၃)ကြိမ် ဖြင့်ရွတ်ဆိုပြီး အခမ်းအနားကိုရုတ်သိမ်းခဲ့ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)