မိုင်းတုံ ဧပြီ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းရှိ အသက်(၈၀)နှစ်အထက် အဘိုးအဘွားများအား မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာအရ သက်ကြီးပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်(၇)နာရီက မြို့လယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို၍ "ဂါရဝေါစ၊ နိဝါတောစ၊ ပူဇာစ၊ ပူဇနေယျာနံ၊ ဧတမင်္ဂလာမုတ္တမံ" ပါဋိကိုသုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားဖွင့်လှစ်ပြီး နောက်သက်ကြီးပူဇော်ပွဲ ကျင်းပရခြင်း၏ အကြောင်းအရင်းနှင့်ပတ်သက်၍ မိုင်းတုံအခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်မင်းဦးက ရှင်းလင်းပြောကြားရာ ကန်တော့ခံ အဘိုးအဘွားများ၏ ကိုယ်စား အဘိုးဦးဟန်စိန်က ခုလိုပူဇော်ပွဲကို နှစ်စဉ်အစဉ်အလာမပျက်ကျင်းပပေးတဲ့အတွက် ၀မ်းမြောက်စကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး ဌာနဆိုင်ရာပေါင်းစုံနှင့် ဧည့်သည်တော်များမှ စုပေါင်းကာအဘိုးအဘွား (၆၅) ဦးအား (၁)ဦးလျှင် ငွေကျပ် (၃၀၀၀၀)၊ အားဆေး(၂)ကဒ်၊ မျက်နှာသုတ်ပဝါတစ်ထည်၊ သွားတိုက်ဆေး(၁)ဗူး၊ သွားတိုက်တံ (၁)ချောင်းနှင့် အမွှေeးဆပ်ပြာခဲ(၁)ခဲအား လှူဒါန်းပူဇော်ကန်တော့ပြီး ဧည်ပရိတ်သတ်အပေါင်းတို့မှ ဩကာသဆုတောင်းခန်းဖြင့် ပြန်လည်ရှိခိုးကန်တော့ကြရာ ဘိုးဘွားများမှ စုပေါင်း၍ ဆုပေးမေတ္တာပို့သခြင်း၊ ဧည်ပရိတ်သတ်နှင့် ဘိုးဘွားများမှ"အသေဝနာစ ဗာလာနံ ပဏ္ဍိတာနဉ္စ သေဝနာ၊ ပူဇာစပူဇနေယျာနံ၊ ဧတံမင်္ဂလာမုတ္တမံ" ပါဋိကို(သုံးကြိမ်) ရွတ်ဆိုကာ အခမ်းအနားကို ပိတ်သိမ်းခြင်း၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့မှ အဘိုးအဘွားများကို ကိုယ်လက်များ သန့်စင်ပေးခြင်းဖြင့် ကုသိုလ်ယူခဲ့ကြကြောင်း သိရသည်။
ဝင်းဝင်းခိုင်