မြင်းခြံမြို့ ရွှေဘုံသာ ဘုန်းကြီးကျောင်းတွင် (၁၉၆) ကြိမ်မြောက် သံဃာဒါန ဆွမ်းသပိတ်လုံး လောင်းလှူ

မြင်းခြံ ဧပြီ ၁၈

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ် (၂) ရပ်ကွက်ရှိ ရွှေဘုံသာ ဘုန်းကြီးကျောင်းတွင် မြန်မာနှစ်သစ်ကူး နှစ်ဆန်း (၁) ရက်နေ့တွင် (၁၉၆) ကြိမ်မြောက် သံဃာဒါန ဆွမ်းသပိတ်လုံး လောင်းလှူပွဲကို ယ‌မန်နေ့နံနက် (၉:၃၀) နာရီတွင် စတင် လောင်းလှူခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ရွှေဘုံသာ ဘုန်းကြီးကျောင်းမှာ သံဃာဒါနဆွမ်းသပိတ်လုံး လောင်းလှူပွဲကို မြင်းခြံမြို့ပေါ် ရပ်ကွက် အသီးသီးမှာရှိတဲ့ ဆရာတော်၊ သံဃာတော်များအား ပင့်ဖိတ်ပြီး ဆွမ်းသပိတ်လုံး ကပ်လှူပူဇော်ခြင်း ဖြစ်ပါတယ်။ လောင်းလှူတဲ့နေရာမှာလည်း မြင်းခြံမြို့ အမှတ်(၂) ရပ်ကွက်မှာ မှီတင်းနေထိုင်ကြတဲ့ စေတနာရှင် အလှူရှင်များအပြင် အခြားအလှူရှင်များမှလည်း ဆွမ်းသပိတ်လုံးများ လာရောက် လှူဒါန်းကြပါတယ်။ ကျွန်တော်တို့ ရပ်ကွက် ဆွမ်းသပိတ်လုံး လောင်းလှူပွဲဟာ တစ်နှစ်လျှင် (၂) ကြိမ် ကျင်းပ ပါတယ်” ဟု ရွှေဘုံသာ မြတ်စွာဘုရား ဂေါပက အဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ နှစ်ဆန်း(၁) ရက် (၁၉၆) ကြိမ်မြောက် သံဃာဒါန ဆွမ်းသပိတ်လုံး လောင်းလှူခြင်းအား မြင်းခြံမြို့ပေါ်ရပ်ကွက်များရှိ ဆရာတော်၊ သံဃာတော် အပါး (၃၉၅) အား လောင်းလှူခဲ့ကြပြီး မြင်းခြံမြို့ အမှတ် (၂) ရပ်ကွက်အနေဖြင့် တစ်နှစ်လျှင် နှစ်ဆန်း(၁) ရက်နေ့ တစ်ကြိမ်၊ သီတင်းကျွတ်လပြည့်နေ့ တစ်ကြိမ် စုစုပေါင်း (၂) ကြိမ် နှစ်စဉ် လောင်းလှူလျက်ရှိကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)