ကျောက်တန်းမြို့နယ် ဝဲကြီးကျေးရွာတွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ လူသုံးကုန်လက်တွေ့လုပ်ငန်းခွင် သင်တန်းဖွင့်လှစ်သင်ကြား

ကျောက်တန်း စက်တင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ဝဲကြီး ကျေးရွာတွင် ကိုဗစ်-၁၉ စီးပွွားရေးကုစားမှုအစီအစဉ်အရ လူသုံးကုန်လက်တွေ့လုပ်ငန်းခွင် သင်တန်းကို ယမန်နေ့  နံနက် ၁၀ နာရီခွဲအချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး  ဦးဝင်းမော်က အဖွင့် အမှာစကား ပြောကြားရာ၌ ကိုဗစ်-၁၉ ရောဂါကြောင့် စီးပွားရေးထိခိုက်မှုများကို ပြန်လည် ကုစားနိုင်ရေးအတွက် ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းကာလတွင် ပို့ချသင်ကြားပေး သည့် ထုတ်ကုန်များကို ဈေးကွက်အတွင်း ပြန်လည်ရောင်းချ၍ ကုန်ကြမ်းတန်ဖိုး ကျသင့်ငွေများကို နိုင်ငံတော်သို့ ပြန်လည် ပေးသွင်းရမှာဖြစ်ပြီး  Cash For WORK (or) On Job Training  မှ အမှန် တကယ် အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုစားဝတ်နေရေး ဖော်ဆောင်နိုင်ရန် အထူးဖွင့်လှစ်ပေးသည့် သင်တန်း ဖြစ်ပါကြောင်း၊ သင်တန်းသား/သူများ အနေဖြင့်လည်း ကြိုးစားသင်ယူကြစေလိုပါကြောင်းနှင့် သင်တန်းပြီးမြောက်၍ တစ်နိုင် တစ်ပိုင် လုပ်ငန်းလုပ်နိုင်သည်အထိ မျှော်မှန်းပါကြောင်း၊ တစ်နိုင်တစ်ပိုင် လုပ်ကိုင်မည်ဆိုပါက လိုအပ်သည်များ ကူညီဆောင်ရွက် ပေး မည်ဖြစ်ပါ ကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ကျောက်တန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ်က ဝဲကြီး ကျေးရွာ သည် စည်းလုံးမှုအားကောင်းသော ကျေးရွာဖြစ်ပါကြောင်း၊ အမှိုက်ကင်းစင်ရေး တွင်လည်း ကျောက်တန်းမြို့နယ်တွင် စံပြရွာဖြစ်ကြောင်း၊ ရွာရဲ့စည်းလုံးမှုကို လေးစားပါကြောင်း၊ ယခုသင်တန်း ပြီးမြောက်တဲ့ အခါမှာလည်း မိမိတို့ရပ်ရွာအတွက် တစ်ပိုင်တစ်နိုင်လုပ်ငန်း လုပ်ကိုင်စေလိုပါကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြား ခဲ့သည်။

ထို့နောက် သင်တန်းနည်းပြ ဆရာ/ဆရာမများက သင်တန်းစည်းကမ်းနှင့် သင်တန်းအကြောင်းအရာများကို ရှင်းလင်း ပြောကြားပြီး ဒေသခံတစ်ဦးဖြစ်သူ ဦးမြင့်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။ အဆိုပါ သင်တန်းတွင် ဆပ်ပြာဆီ၊ ဆပ်ပြာခဲပြုလုပ်နည်း(၇)မျိုးကို သင်တန်းသား (၃၀) ဦးအား စာတွေ့ လက်တွေ့ သင်ကြား ပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ (၆)ရက်  ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

ခင်ဆွေဝင်း(ကျောက်တန်း)