မြန်မာနှစ်ဆန်း(၁)ရက်နေ့ အခါသမယတွင် ဗန်းမော်မြို့၌ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ် ပူဇော်ပွဲကျင်းပ

ဗန်းမော် ဧပြီ ၁၈

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ၂၀၂၂ ခုနှစ် ဧပြီ ၁၇ ရက်နေ့ မြန်မာနှစ်ဆန်း(၁)ရက်နေ့ အခါသမယ တွင် ကချင်ပြည်နယ် ဗန်းမော်မြို့ စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့ ညနေ ၃ နာရီက ကျင်းပခဲ့ကြောင်း သိရ သည်။

ရှေးဦးစွာ တက်ရောက်လာကြသူများက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဗန်းမော်မြို့ သိရီမင်္ဂလာကံဦးပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တ‌ကေသဝ အရှင်သူမြတ်ထံမှ ဗန်းမော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ထွန်းတိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက ရှစ်ပါးသီလခံယူဆောက်တည်ကြသည်။ ယင်းနောက် ဗန်းမော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်နှင့် တာဝန်ရှိသူများက ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး သိရီမင်္ဂလာကံဦးပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တ‌ကေသဝက အနုမောဒနာတရားတော် ချီးမြှင့်မြွက်ကြားကာ လှူဒါန်းမှု အစုစုအတွက် ဝေနေယျသတ္တဝါအပေါင်းတို့အား ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

ဆက်လက်၍ သိရီမင်္ဂလာကံဦးပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တ‌ ကေသဝ အမှူးပြုသော ဆရာတော်ကြီးများက အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ် သရဇ္စျာယ်ခဲ့ကြောင်း သိရသည်။

ကိန်းဖြူ(ပြန်/ဆက်)