လှိုင်သာယာ(အရှေ့ပိုင်း) ဧပြီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်တွင် ၁၃၈၄ ခုနှစ်၊ နှစ်ဆန်း(၁)ရက်နေ့ မြို့နယ်လုံး ဆိုင်ရာ သက်ကြီးပူဇော် ကန်တော့ပွဲကို ယနေ့နံနက်(၈)နာရီက အမှတ်(၅)ရပ်ကွက် ဓမ္မာရုံတွင် ကျင်းပသည်။
ထိုသို့ နှစ်သစ်ကူး အလှူငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် စေတနာရှင်အလှူရှင်များ ပူးပေါင်း၍ အသက် ၇၅ နှစ်နှင့် အထက်သက်ကြီးဘိုးဘွား (၄၀)ဦး ၊အသက် (၈၀)နှစ်နှင့် အထက်(၂၃)ဦး စုစုပေါင်း(၆၃)ဦး သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်းဖြစ်သည်။
အဆိုပါ သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ပွဲတွင် ဘိုးဘွားများအား ကန်တော့ချိုးဖြင့် ရပ်မိရပ်ဖများက ကန်တော့ကြပြီး သက်ကြီးဘိုးဘွား (၆၃) ဦးတို့အား တစ်ဦးလျှင် ငွေကျပ် ၂၅၀၀၀ နှုန်းဖြင့် ပေးအပ်ကန်တော့ကြသည်။ ထို့ပြင်သက်ကြီး ပူဇော်ကန်တော့ပွဲသို့ တက်ရောက်လာသော အဘိုး၊ အဘွားများအား ဝတ္ထုငွေဖြင့် ကန်တော့ပြီး ကျန်အဘိုးအဘွားများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ကန်တော့ငွေများကို အိမ်တိုင်ရာရောက် ပေးအပ်သွားမည်ဖြစ်ကြောင်း အမှတ်(၅)ရပ်ကွက် တာဝန်ရှိသူထံမှ သိရသည်။
ခင်၀င်းမ