မိုင်းလုံ ဧပြီ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ စတုတ္ထအကြိမ်မြောက် သက်ကြီးပူဇော်ပွဲအခမ်းအနားကို အထက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းကျော်မှ ဦးဆောင်၍ ရပ်မိ၊ ရပ်ဖများနှင့် လူငယ်များစုပေါင်း၍ ယမန်နေ့က အထက်ရပ်ကွက်၌ ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို စတင်ကာ ငါးပါးသီလခံယူ၍ သက်ကြီး အဘိုး၊ အဘွားများအား ဩကာသကန်တော့ချိုးဖြင့် ရှိခိုးကန်တော့ပြီး အဘိုး၊ အဘွားတစ်ဦးလျှင် ကျပ် ၂၀၀၀၀/- လှူဒါန်းခဲ့ကြသည်။ ထို့အပြင် အဘိုးအဘွားများအား လှူဖွယ်ပစ္စည်းများဖြင့်လည်း ကန်တော့ကြပြီး အဘိုး၊ အဘွားများ၏ လက်ကို ကင်မွန်းရည်များဖြင့် ဆေးကြောသန့်စင်၍လည်း ကုသိုလ်ယူခဲ့ကြောင်း သိရသည်။
မိုင်းလုံမြို့ပေါ်တွင် အသက် ၇၅ နှစ်အထက် အဘိုး ၈ ဦး အဘွား ၁၄ ဦး စုစုပေါင်း ၂၂ ဦးရှိပြီး အခမ်းအနားသို့ တက်ရောက်နိုင်ခြင်းမရှိသည့် ဘိုးဘွားများအား အိမ်တိုင်ရာရောက် သွားရောက်ကန်တော့၍ လှူဖွယ်ပစ္စည်းများ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ဇော်(ပြန်/ဆက်)