ရန်ကုန် စက်တင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်၊ ဈေးရောင်းသူနှင့် ဈေးဝယ် လာသူများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းသန်းနှင့် အတွင်းရေးမှူး ဦးဝင်းနိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးတင်မိုးသာ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက်(၈)နာရီအချိန်က အောက်မင်္ဂလာဒုံ လမ်းရှိ ဖော့ကန်ဈေးနှင့် အောင်ဆန်း ဈေးများသို့ သွားရောက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဈေးရောင်း၊ ဈေးဝယ်များ နှာခေါင်းစည်းများ တပ်ဆင်ထားခြင်း ရှိ/မရှိ လိုက်လံစစ်ဆေးခဲ့ပြီး လိုက်နာမှု မရှိသော ဈေးသည်များကို ဒဏ်ငွေဖြင့် အရေးယူခြင်းများ၊ ဈေးဝယ်လာသူများ မလိုက်နာပါက ဈေးအတွင်းသို့ ဝင်ရောက်ခွင့် မပြုခြင်း များကို လိုက်လံစစ်ဆေးဆောင်ရွက်ခဲ့သည်။
အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်း များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)