အလုံ စက်တင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်များ ကြီးကြက်ကွပ်ကဲရေး အာဏာပိုင်အဖွဲ့ (YRTA)၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အလုံမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီတို့ ပူးပေါင်းကာ ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံ မြို့နယ် သခင်မြပန်းခြံကားဂိတ်များတွင် ယနေ့ နံနက်(၈) နာရီအချိန်က အသိပညာပေးလက်ကမ်းစောင်များ စောင်ရေ ၁၀၀၀၀ နှင့် ပါးစပ်နှာခေါင်းစည်း(mask) အခု ၁၀၀၀၀ ဝေငှခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဖြန့်ဝေရာတွင် ပူးပေါင်းအဖွဲ့မှ ကားဂိတ်များရှိ ခရီးသွားပြည်သူများ၊ ယာဉ်မောင်းများအား အပြင်ထွက်သည့်အခါတိုင်း ပါးစပ် နှာခေါင်းစည်း(Mask)များ တပ်ဆင်ကြရန် အသိပညာပေးပြောကြားခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးလက်ကမ်း စာစောင်များနှင့် ပါးစပ် နှာခေါင်းစည်း(Mask)များ ဝေငှခြင်းများကို ဆောင်ရွက်ခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်မှုများ ဖြစ်ပေါ်လာသည့်အတွက် အလုံမြို့နယ်တွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အတွက် ပါးစပ်နှာခေါင်းစည်းများ ဝေငှခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တင်တင်ချို ပြန်/ဆက်