ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်

ကျိုင်းတုံ စက်တင်ဘာ ၂

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ယမန်နေ့က မြို့အဝင်ကျန်းမာရေးစစ်ဆေးရေးဂိတ်၊ ဈေးများ၊ ရပ်ကွက်ကျေးရွာများတွင် တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက နေ့စဉ်ဝင်ရောက် လာသည့် ခရီးသွားလာသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် ရောဂါရှာဖွေ စစ်ဆေးခြင်း၊  ဖုန်းနံပါတ်များနှင့်ခရီးသွားရာဇဝင် မှတ်တမ်းများရယူခြင်း၊ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး လိုက်နာရမည့် အချက်များ အသိပညာပေး ပြောကြားခြင်းလုပ်ငန်းများကို ကျိုင်းဖောင်း ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် တိုးမြှင့်ဆောင်ရွက်လျက်ရှိကြသည်။

ကျိုင်းတုံမြို့ ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ သံသယလူနာ ၂ ဦး  တွေ့ရှိ့သည့်အတွက် ကျိုင်းတုံ မြို့မဈေးကြီးနှင် အာခါဈေးတို့အား စက်တင်ဘာ ၂ ရက်မှ ၄ ရက်ထိ ယာယီပိတ်သိမ်းထားရှိပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများကို ရပ်ကွက်၊ ကျေးရွာများတွင် ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး တိတိကျကျ ပူးပေါင်းလိုက်နာ ဆောင်ရွက်ရန် Hand Speaker/Loud Speaker များအသုံးပြု၍  အသိပညာပေးနှိုးဆော်ခြင်းကို  နေ့စဉ် တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)