သီပေါ ဧပြီ ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၏ မဟာသင်္ကြန်အတက်နေ့ ယမန်နေ့က သီပေါချောင်းသာဟုခေါ်တွင်သော ဒုဋ္ဌဝတီမြစ်ကမ်းဘေး ရေကစားရာနေရာနှင့် ဆွန်လန်းကျေးရွာရှိ ပန်းချယ်ရီ၊ စမ်းရေကြည်၊ Hsipaw Garden စသည့် မြစ်ကမ်းဘေးတွင်ဖွင့်လှစ်ထားသော စားသောက်ဆိုင်နှင့် ရေကစားသည့်နေရာများတွင် လာရောက်ရေကစားအပန်းဖြေသူများ ပိုမိုများပြား လျက်ရှိကြောင်း သိရသည်။
သီပေါချောင်းသာနှင့် ဆွတ်လန်းကျေးရွာမှ ရေကစားသည့်နေရာများတွင် အမြို့မြို့အနယ်နယ် အရပ်ရပ်မှဧည့်သည်များ၊ သီပေါမြို့နယ်တွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ဒေသခံပြည်သူလူကြီး၊ လူလတ်၊ လူငယ်၊ လူရွယ်၊ ကလေးများနှင့် သင်္ကြန်ကာလရုံးပိတ်ရက် ဝန်ထမ်းမိသားစုများ ပျော်ရွှင်စွာလာရောက် လည်ပတ် အပန်းဖြေရေကစားသူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။
သီပေါချောင်းသာနှင့် အဆိုပါ ဆွတ်လန်းကျေးရွာ ရေကစားရာနေရာများသည် သီပေါ-လားရှိုးလမ်း ပြည်ထောင်စု ကားလမ်းမဘေး အနီးတွင်တည်ရှိပြီး သွားရေးလာရေးလွယ်ကူသော သာယာလှပသည့်အပန်းဖြေပျော်ရွှင်စရာ နေရာကောင်းများလည်း ဖြစ်သည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)