တောင်ကြီး ဧပြီ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ကိုဗစ် ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် မြသုခရုပ်ရှင်ရုံအား ၂၀၂၀ပြည့်နှစ်၊ မတ်လ (၁၆)ရက်နေ့မှစ၍ ရပ်ဆိုင်းထားခဲ့ရာ ယခုအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် တွေ့ရှိမှု၊ ပိုးတွေ့မှုနှုန်းနှင့်သေဆုံးမှုနှုန်း သိသာစွာ ကျဆင်းလာခြင်းကြောင့် ပြည်သူများစိတ်အပန်းပြေကြည့်ရှုနိုင်ရန်အတွက် မြန်မာနှစ်ဆန်း တစ်ရက်၊ ယနေ့နံနက် ၁၀ နာရီခွဲမှစတင်၍ ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ယင်းသို့ ဖွင့်လှစ်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ အစီအမံများနှင့်အညီ ပြုစုထားသော “ရုပ်ရှင်ပြသရာတွင် လိုက်နာဆောင်ရွက်ရမည့် စံပြုသတ်မှတ်ချက် Standard Operating Procedures-SOP” နှင့်အညီ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့် ရုပ်ရှင်ဇာတ်ကားများကို နံနက် ၁၀ နာရီခွဲ နေ့လယ် ၁၂ နာရီခွဲနှင့် ညနေ ၃ နာရီခွဲ တစ်ရက်လျှင် ၃ ကြိမ်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ပြန်လည်ဖွင့်လှစ်ချိန်တွင် ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် ရိုက်ကူးပြီး ရုပ်ရှင်သရုပ်ဆောင် လူမင်း၊ နေမင်း၊ ရွှေမှုံရတီနှင့် အနုပညာရှင်များ ပါဝင်သော "ဝေးမနေချင်ဘူး" ရုပ်ရှင်ဇာတ်ကားကြီးအား စတင်၍ ရုံတင်ပြသပေးလျက်ရှိကြောင်း သိရသည်။
ဇော်နိုင်လင်း