လဲချားမြို့နယ် နယ်မြေမီးသတ်စခန်းမှ ဂါလံ ၈၀၀ ပါ မီးငြှိမ်းသတ်ယာဉ်တစ်စီး လွှဲပြောင်း လက်ခံရယူ

လဲချား စက်တင်ဘာ ၂

ရှမ်းပြည်နယ် အစိုးရ အဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ် ခရိုင်၊ မြို့နယ် နယ်မြေမီးသတ်စခန်းများ၏ မီးငြှိမ်းသတ်ယာဉ်ဖွဲ့စည်းပုံအရ လဲချားမြို့နယ်၌ လိုအပ်သော ဂါလံ ၈၀၀ ပါ မီးငြှိမ်းသတ်ယာဉ်တစ်စီးကို တာဝန်ရှိသူများက ယမန်နေ့က ရှမ်းပြည်နယ် အစိုးရအဖွဲ့ထံမှ လွှဲပြောင်း လက်ခံရယူခဲ့ကြောင်း သိရသည်။

လဲချားမြို့နယ် နယ်မြေမီးသတ်စခန်းအနေဖြင့် ယခင်က မီးငြှိမ်းသတ်ယာဉ်တစ်စီး ရှိခဲ့ပြီး ယခုအခါတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် SINO TRUCK (HOWO) ဂါလံ ၈၀၀ ပါ မီးငြှိမ်းသတ် ယာဉ်တစ်စီးအား ထပ်မံ ဖြည့်တင်းထားရှိပြီးဖြစ်ကာ မိမိတို့ မြို့နယ်အနေဖြင့် မီးဘေးအန္တရာယ်နှင့် အခြားသော ဘေးအန္တရာယ်များ ရင်ဆိုင်ကြုံတွေ့ပါက ထိရောက်သော တုန့်ပြန်မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် မီးသတ်ဦးစီး ဌာနမှ ဒု-မီးသတ် ဦးစီးမှူး ဦးကျော်မင်းနိုင်၏ ပြောပြချက်အရ သိရသည်။

အဆိုပါ လွှဲပြောင်းလက်ခံ ရယူခဲ့သော မီးငြှိမ်းသတ်ယာဉ်အား အချိန်မတိုင်ခင် ယိုယွင်းပျက်စီးမှု မရှိစေရေးနှင့် မီးငြှိမ်းသတ်နိုင်မှုစွမ်းရည်တို့ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဥက္ကာ၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌသန်းနိုင်နှင့် အဖွဲ့ဝင်များမှ  ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

လွှမ်းသူနောင် (ပြန်/ဆက်)