တိုက်ကြီးမြို့နယ် ကန်သာယာကျေးရွာတွင် တောဆင်ရိုင်းတစ်ကောင်ဝင်ရောက်မှုကြောင့် နေအိမ်(၅)လုံးနှင့် စားနပ်ရိက္ခာများ ပျက်စီး

တိုက်ကြီး စက်တင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ် ဆင်စခန်းကျေးရွာအုပ်စု ကန်သာယာ ကျေးရွာတွင် ယမန်နေ့ ည ၉ နာရီ အချိန်ခန့်က တောဆင်ရိုင်းတစ်ကောင်ဝင်ရောက်ခဲ့ကြောင်း ဆင်စခန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်ညိုထံမှ သိရသည်။

အဆိုပါ တောဆင်ရိုင်းဝင်ရောက်မှုကြောင့် ကန်သာယာကျေးရွာအတွင်းရှိ လူနေအိမ်(၅)လုံးနှင့် စားနပ်ရိက္ခာများ ပျက်စီးဆုံးရှုံး ခဲ့ကြောင်း၊ တောဆင်ရိုင်းဝင်ရောက်ဖျက်ဆီးမှု ခံခဲ့ရသော အိမ်ထောင်စုများမှာ ခြံလုပ်ငန်း နှင့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ များ ဖြစ်ပြီး ဆင်ဝင်ရောက်စဉ် မိသားစုများမှာ ထွက်ပြေး တိမ်းရှောင် ခဲ့၍ လူနှင့်တိရိစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း၊ ကျေးရွာရှိ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ကျေးရွာသားများ ဝိုင်းဝန်းခြောက်လှန့်ခဲ့သဖြင့် နံနက် ၃ နာရီ ၁၀ မိနစ်ခန့်တွင် ပြန်လည် ထွက်ခွာသွားကြောင်းနှင့် တောဆင်ရိုင်းသည် ယခင်ဝင်နေကျ ဂျစ်ကားအမည်ရှိ တောဆင်ရိုင်း မဟုတ်ဘဲ အကောင် ပိုကြီးမားကြောင်း ဆင်စခန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်ညို ၏ ပြောပြချက်အရ သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)