နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန် စစ်တွေမြို့လမ်းလျှောက်သင်္ကြန်အား ဖွင့်လှစ်ပေးပြီးဌာနဆိုင်ရာ ရေကစားမဏ္ဍပ်များနှင့် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်များသို့ လှည့်လည်ကြည့်ရှုအားပေး

စစ်တွေ ဧပြီ ၁၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်သည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ပိုင်းက စစ်တွေမြို့၊ ရှုခင်းသာလမ်းရှိ လမ်းလျှောက်သင်္ကြန်အားဖွင့်လှစ်ပေးပြီး လမ်းလျှောက်သင်္ကြန်ရှိ ဌာနဆိုင်ရာရေကစားမဏ္ဍပ်များ၊ ပွိုင့်ကမ်းခြေနှင့် စစ်တွေဟိုတယ်ကမ်းခြေများသို့ သွားရောက်ကာ ပြည်သူများ အတာသင်္ကြန်ကို ပျော်ရွှင်စွာပါဝင်ဆင်နွှဲနေမှုများအားလှည့် လည်ကြည့်ရှုပြီး ဦးဥတ္တမ ပန်းခြံရှေ့ရှိ မဟာသင်္ကြန် ဗဟိုမဏ္ဍပ်တွင် ပြည်သူများပျော်ရွှင်စွာ ရေပက်ကစားနေမှုများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

ရှေးဦးစွာ စစ်တွေမြို့၊ ရှုခင်းသာလမ်းရှိ လမ်းလျှောက်သင်္ကြန်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မျိုးနှင့် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ရှုခင်းသာလမ်းရှိ အာရီယမ်မိသားစုရေကစားပဏ္ဍပ်၊ SS မိသားစု ရေကစားမဏ္ဍပ်များနှင့် ဌာနဆိုင်ရာ၏ လမ်းလျှောက်သင်္ကြန်မဏ္ဍပ်များသို့ လှည့်လည်ကာ ရေပက် ကစားကြပြီး စတုဒိသာကျွေးမွေးနေမှုတို့ကို လှည့်လည်အားပေးကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ဗျူးပွိုင့်ကမ်းခြေနှင့် စစ်တွေဟိုတယ်တို့တွင် ပြည်သူများအေးချမ်းစွာ လာရောက်အနားယူ အပန်းဖြေနေမှုနှင့်ရေကစားနေမှုတို့ကို လှည့်လည်ကြည့်ရှုကြသည်။ ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်နှင့်အဖွဲ့သည် စစ်တွေမြို့ပေါ်ရှိ ရေကစားမဏ္ဍပ်များတွင် ပြည်သူများပျော်ရွှင်စွာရေကစားနေမှု၊ မော်တော်ယာဉ်များဖြင့်ရေပက်ခံထွက်နေမှု၊ အတာသင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲနေမှုတို့ကို မော်တော် ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုအားပေးကြသည်။

ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ဦးဥတ္တမ ပန်းခြံရှေ့ရှိဗဟိုမဏ္ဍပ်တွင် ရခိုင်ဂန္တဝင်အဆိုတော် ဦးမောင်သိန်း၊ ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင်များ၊ ရခိုင်အဆိုတော်များ၊ ရခိုင်တေးသံရှင်များ၊ ဌာနဆိုင်ရာယိမ်းအကအဖွဲ့များနှင့် စစ်တွေတပ်နယ်မှ ယိမ်းအကအဖွဲ့များ၏ ကပြဖျော်ဖြေနေမှုအားကြည့်ရှုအားပေးကြပြီး ရခိုင်ဂန္တဝင်အဆိုတော် ဦးမောင်သိန်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့်ဇနီးတို့က ဂုဏ်ပြုဆုငွေများပေးအပ်ကြသည်။

စစ်တွေမြို့ရှိ ဌာနဆိုင်ရာ ရေကစားမဏ္ဍပ်များ၊ စစ်တွေတပ်နယ်ရေကစားမဏ္ဍပ်နှင့် ရခိုင်ရိုးရာ ရေကစားမဏ္ဍပ်များတွင် ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင်များ၊ ရခိုင်အဆိုတော်များ၊ ဌာနဆိုင်ရာ ယိမ်းအကအဖွဲ့များနှင့် စစ်တွေတပ်နယ်မှ ယိမ်းအကအဖွဲ့များမှ ကပြသီဆိုဖျော်ဖြေလျက်ရှိရာ သင်္ကြန်အကြတ်နေ့တွင် ရေကစားသူများ၊ ကားများဖြင့်ရေပက်ခံထွက်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)