မအီမြို့၌ မဟာသင်္ကြန်အကြတ်နေ့ အတာသင်္ကြန်ရေကစားသူ စည်ကားများပြား

မအီ ဧပြီ ၁၆

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊  တောင်ကုတ်မြို့နယ်၊  မအီမြို့၌ မဟာသင်္ကြန်အကြတ်နေ့တွင် မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများ၌ ကုသိုလ်ဒါနပြုသူများ၊ ရပ်ကွက်၊ ကျေးရွာများအတွင်း စတုဒိသာ ဧည့်ခံကျွေးသူများရှိပြီး မအီမြို့ရှိ အထင်ကရ နေရာ များရှိ မဏ္ဍပ်ငယ်များနှင့် မအီမြို့လယ် ရန်ကုန်-ကျောက်ဖြူလမ်းမဘေးရှိ မြို့မဗဟိုမဏ္ဍပ်တွင် သီဆိုကပြ ဖျော်ဖြေမှုများဖြင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အတာသင်္ကြန်ရေသဘင်ပွဲကို အေးချမ်း ပျော်ရွှင်စွာ ဆင်နွှဲကြသူများ စည်ကားများပြားလျက်ရှိကြောင်း သိရသည်။

အဆိုပါ မြို့မဗဟိုမဏ္ဍပ်သို့ မအီမြို့၊ မြို့အုပ်ချုပ်ရေးမှူးဦကျော်ပု၊ ခလရ(၉၈)မှ ဒုတိယ ဗိုလ်မှူးကြီးသိန်းစောနိုင်၊ မအီနယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်ဝင်ထွန်းနိုင်၊ မအီတိုက်နယ် ဆေးရုံမှ တာဝန်ခံဆရာဝန် ဒေါက်တာမင်းနိုင်ကျော်နှင့် မအီမြို့ပေါ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ မအီမြို့ပေါ် ပြည်သူများနှင့် မအီမြို့ပတ်ဝန်းကျင် ကျေးရွာများမှ ပြည်သူများက အေးချမ်းပျော်ရွှင်စွာ အတာရေပက်ဖျန်း ရေကစားခဲ့ကြပြီး မနက်ဖြန် သင်္ကြန်အတက်နေ့တွင်လည်း ဤသို့ ယိမ်းအကများဖြင့် သီဆိုကပြဖျော်ဖြေခြင်း၊ စတုဒိသာများ ကျွေးမွေးခြင်း၊ အေးချမ်းပျော်ရွှင်စွာ အတာရေပက်ဖျန်းကစားခြင်း၊ တောင်ကုတ် မြို့မှ FINGERS  PLUS တီးဝိုင်းဖြင့် ဧည့်ခံသီဆိုဖျော်ဖြေခြင်းများကို စဉ်လာမပျက် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့မဗဟိုမဏ္ဍပ် ဖြစ်မြောက်ရေးကော်မတီက သိရသည်။

မောင်မောင်ဌေး(ပြန်/ဆက်)