မာန်အောင်မြို့နယ်တွင် မဟာသင်္ကြန်အကြတ်နေ့ ရန်အောင်မြင်စေတီတော်ဝင်းအတွင်း၌ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

မာန်အောင် ဧပြီ ၁၆

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မဟာသင်္ကြန်အကြတ်နေ့ ရန်အောင်မြင်စေတီတော်ဝင်းအတွင်း၌ ရန်အောင်မြင်စေတီတော် ဂေါပကအဖွဲ့က ကြီးမှူး၍နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို ယမန်နေ့ညနေ ၄ နာရီက ကျင်းပခဲ့သည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်လှူပွဲတွင် မြို့မကျောင်းကြီးဆရာတော် အမှူးပြုသော သံဃာတော်များနှင့် ရှင်သာမဏေ(၄၂) ပါး၊ သီလရှင်(၂၀)ပါးတို့က ရန်အောင်စေတီတော်မြတ်ကြီးအား လက်ဝဲရစ်တစ်ပတ်လှည့်လည်၍ အလှူခံကြရာ စေတနာရှင်၊ အလှူရှင် ပြည်သူများက ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္တုများကို လောင်းလှူခဲ့ကြသည်။

ယင်းနောက် ရန်အောင်မြင်စေတီတော် အရှေ့ဘက်တန်ဆောင်းတွင် စေတနာရှင်၊ အလှူရှင်များက ခအုန်းမော်ကူးတော့ဆိပ်ကျေးရွာ ဓမ္မသုခဘုန်းတော်ကြီးကျောင်း ဆရာတော်ဘဒ္ဒန္တသိရိန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များထံမှ ပရိတ်တရားတော်မြတ်ကိုနာယူကာ လှူဒါန်းမှု အစုစုတို့အား ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)