ဒဂုံ(အရှေ့) စက်တင်ဘာ ၂
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေးနှင့် ကူးစက်မှုအန္တရာယ်မှ ကြိုတင် ကာကွယ်နိုင်ရန်၊ လူစုလူဝေးမဖြစ်ပေါ်စေရန်အတွက် မြို့နယ်အတွင်း ပြန်လည်ဖွင့်လှစ်ရောင်းချလျက်ရှိသော စားသောက်ဆိုင် များ အား ယမန်နေ့ နံနက်ပိုင်းက ကျန်းမာရေးဌာန၏ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိ ရှောင်တခင် ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်း သိရသည်။
ထို့သို့ စစ်ဆေးဆောင်ရွက်ရာတွင် လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်ထားမှု ရှိ/မရှိ၊ ဆိုင်အဝင်ဝတွင် လက်သန့်ဆေးရည်(hand Jel)နှင့် လက်ဆေးဘေစင်များ ထားရှိမှုရှိ/မရှိ၊ ဆိုင်အတွင်း လူစုလူဝေးမဖြစ်ပေါ်စေရန် သတ်မှတ်အကွာအဝေးဖြင့် စားသုံးစေခြင်း၊ ရောင်းချသူ များအနေဖြင့်လည်း နှာခေါင်းစည်း(Mask)များ လက်အိတ်များ စနစ်ကျတပ်ဆင်ထားမှုရှိ/မရှိ အခြေအနေများ၊ ကျန်းမာ ရေး အသိပညာပေး ဗီနိုင်းပိုစတာများ တပ်ဆင်ထားခြင်းရှိ/မရှိ၊ ကောင်တာရှေ့ တွင် မှန်ကာထားခြင်းရှိ/မရှိ စစ်ဆေး ဆောင်ရွက် ခဲ့ပြီး ကျန်းမာရေးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ စနစ်တကျ လိုက်နာဆောင်ရွက်ကြရန် မြို့နယ် ပြည်သူ့ ကျန်းမာရေးမှ ဒေါက်တာထင်လင်းကျော် ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာများ ပူးပေါင်းစစ်ဆေးခဲ့ပြီး စည်းကမ်းချက် များအား အလေး ထားဆောင်ရွက်သွားရန်၊ လိုက်နာမှုမရှိပါက တရားဥပဒေနှင့်အညီ ဆောင်ရွက်သွား မည်ဖြစ်ကြောင်းနှင့် ဝန်ခံကတိပြု လက်မှတ် များ ရေးထိုးစေခဲ့ပြီး လိုအပ်သည်များကို မှာကြားကာ အသိ ပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝင်းထွဋ်ဝင်း(ပြန်/ဆက်)