မိုင်းယု ဧပြီ ၁၆
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် မိုင်းယုမြို့ ဒေသခံရှမ်းတိုင်းရင်း သားတို့သည် မိမိတို့ဒေသ အေးချမ်းသာယာပြီး ဒေသဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဆန်ရေစပါး ပေါများစေလိုခြင်း၊ ကျန်းမာကောင်းမွန်စေခြင်း၊ စီးပွားရေး လာဘ်လာဘ တိုးတက်ကောင်းမွန် စေရန် ရည်ရွယ်လျက် ရိုးရာဓလေ့ နတ်ငါးခေါ်ယူ ဆုတောင်းခြင်းကို ယမန်နေ့ မြို့ဘေးရှိ နမ့်လွေချောင်းကမ်းစပ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ နတ်ငါးပူဇော်မှုကို တစ်နှစ်လျှင် တစ်ကြိမ်ဖြင့် တန်ခူးလကွယ်မှ ကဆုန်လဆန်းအတွင်း ပြုလုပ်လေ့ရှိပြီး နတ်ငါးစတင်ခေါ်ယူသည့် နေ့ရက်မှစ၍ မိုင်းယုမြို့ပေါ်နှင့် ကျေးရွာများမှ ကာလသားဖြစ်ကြသော လူပျိုနှင့် အိမ်ထောင်သည်ဖြစ်လျှင် မိသားစုနှင့် ခွဲနေရပြီး တစ်ရွာလျှင် နှစ်ဦးစီဖြင့် စုစုပေါင်း ၂၀ ဦးခန့်က သွားရောက်ခေါ်သည့်အခါတွင် လူသူမသိအောင် နံနက် ၂ နာရီအချိန်၌ စတင်ကာ တိတ်တဆိတ် လှေများဖြင့်သွားရကြောင်း၊ နတ်ငါးရှိနိုင်သည့် နမ့်လွေချောင်းစီးဆင်းရာတစ်လျှောက်ရှိ မိုင်းလွေကျေးရွာအုပ်စု၊ ဝမ်ယမ်းခမ်းကျေးရွာအထိ သွားရောက်ကာ ခေါ်ယူရပြီး အဆိုပါ နတ်ငါးခေါ်ယူနေစဉ်တွင် မည်သည့်ရေသတ္တဝါတစ်ကောင် မဆို ယင်းချောင်းအတွင်းမှ လှေပေါ်သို့ ခုန်တက်ပြခြင်း၊ ကိုယ်ရောင်ပြခြင်းစသည့် လိုက်ပါ ကြောင်း နိမိတ်လက္ခဏာဖြစ် ပြလေ့ရှိခြင်း၊ ခေါ်ဆောင်မှုအပြီးတွင် ၎င်းအဖွဲ့များက ပျော်ရွှင်စွာ အိုးစည်ဗုံမောင်းတီး၍ ယင်းချောင်းတစ်လျှောက် ကမ်းဘေးတွင်တည်ရှိသော ကျေးရွာများသို့ တစ်ရွာဝင်တစ်ရွာထွက် လှည့်လည်ပြသ အလှူခံကာ မိမိတို့ဒေသရှိ ကမ်းစပ်ထိ ပြန်လာခဲ့ကြ ရသည်။
ယင်းနောက် ကမ်းစပ်တွင် မြို့/ရပ်ရွာအုပ်ချုပ်သူမှ ဦးဆောင်ကာ မြို့မိမြို့ဖများနှင့် နတ်ငါးခေါ် သည့်အဖွဲ့များက ရိုးရာဓလေ့လုပ်ထုံး လုပ်နည်းများဖြင့် ပူဇော်ကြခြင်း၊ အဖွဲ့များအားလုံးမှ မိမိတို့ဒေသ အေးချမ်းသာယာ၍ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဆန်ရေစပါးပေါများစေလိုခြင်း၊ ကျန်းမာရေး ကောင်းမွန်စေလိုခြင်း၊ စီးပွားရေးလာဘ်လာဘ တိုးတက်ကောင်းမွန်စေလိုခြင်း စသည့် ဆုတောင်းမှုများ ပြုလုပ်ကြရကြောင်း မိုင်းယုမြို့မိမြို့ဖများထံမှ သိရသည်။
ကိုကိုနိုင်