တောင်ဥက္ကလာပမြို့နယ်တွင် ကလေးငယ်များအား ပုံမှန်ကြိုတင်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး

ရန်ကုန် စက်တင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲ အထိ ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းကို ရပ်ကွက်အသီးသီးရှိ စုရပ်နေရာများ၌ ဆောင်ရွက်ပေး လျက်ရှိရာ ယမန်နေ့ နံနက် (၉)နာရီအချိန်က မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ ပူးပေါင်း၍ အမှတ်(၉) ရပ်ကွက်၊ ဓမ္မာရုံ၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်နှင့် လူစုလူဝေးမဖြစ် စေရန်အတွက် ကျန်းမာရေး ဝန်ထမ်းများက မိခင်နှင့်ကလေးများအား အလှည့်ကျ ဆေးထိုးဆေးတိုက်ပေး ခြင်းကို ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆေးထိုးဆေးတိုက်ခြင်း ဆောင်ရွက်ရာတွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲ ကလေးငယ်များအား အသက်အရွယ်အလိုက် လစဉ် ဘီစီဂျီ၊ ဆုံဆို့နာ၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ(ဘီ)၊ ဦးနှောက် အမြှေးရောင်(ငါးမျိုးစပ်)ကာကွယ်ဆေး၊ ပြင်းထန် အဆုတ်ရောင် (ပီစီဗွီ)၊ ဝက်သက်၊ ဂျိုက်သိုးရောဂါ ကာကွယ်ဆေး စသည်တို့ကို ထိုးနှံပေးခြင်း၊ ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ ကြောင်း သိရ သည်။

ခင်ဆွေနှင်း (ပြန်/ဆက်)