မိုင်းယောင်း ဧပြီ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အကြတ်နေ့တွင် ပြည်သူများ ပျော်ရွှင်စွာ ရေပက်ကစားကြပြီး နမ့်ယောင်းချောင်း၊ နမ့်ခပ်ချောင်းများသို့ လာရောက်အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
သင်္ကြန်အကြတ်နေ့တွင် ရေပက်ကစားကြသူများ၊ ရေပက်ခံထွက်သူများနှင့် သင်္ကြန်ချစ်သူပြည်သူများ သည် ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းနှင့်အညီ အစဉ်အလာ အမွေအနှစ်ကောင်းများကို ထိန်းသိမ်းကာ လမ်ဝုန်းအကတို့ဖြင့် အတာရေသဘင်ပွဲကို အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြသည်။ အလားတူ နမ့်ယောင်းချောင်း၊ နမ့်ခပ်ချောင်းနှင့် လော့ငိုးကြိုးတံတားတို့တွင် အတာရေပက်ကစားကြသူများ၊ အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိသည်။
ထို့ပြင် ရှေးဟောင်းသမိုင်းဝင် ဘုရား၊ ပုထိုး၊ စေတီများနှင့် ဘုန်းကြီးကျောင်းများသို့ အစဉ်အလာမပြတ် ဘုရားရေသပ္ပာယ်ပူဇော်ခဲ့ကြပြီး မြို့နယ်အတွင်းရှိ တန်ခိုးကြီးဘုရားများတွင်လည်း အနယ်နယ်အရပ်ရပ်က ဘုရားဖူးလာပြည်သူများ၊ ကုသိုလ်ပြုသူများ၊ တရားဘာဝနာအားထုတ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း