ဟိုပန် ဧပြီ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် ၁၃၈၃ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို ဧပြီလ ၁၃ ရက်နေ့မှ စတင်၍ ကျင်းပလျက်ရှိရာ ယနေ့သင်္ကြန်အကြတ်နေ့တွင် ဟိုပန်တိုင်းရင်းသားရိုးရာယဉ်ကျေးမှုကွင်းရှိ သင်္ကြန်ဗဟိုမဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။
မြန်မာ့ရိုးရာ သင်္ကြန်ဗဟိုမဏ္ဍပ်တွင် ဟိုပန်မြို့နယ်ရှိ သင်္ကြန်ချစ်ပြည်သူများက မြန်မာ့ရိုးရာယဉ်ကျေးမှု သင်္ကြန်ယိမ်းအကအလှများဖြင့်လည်းကောင်း၊ ခေတ်ပေါ်ဂီတတေးသီချင်းများဖြင့် လည်းကောင်း စသည့် ဖျော်ဖြေရေးအစီအစဉ်များကို တစ်ရက်သုံးကြိမ် ကပြဖျော်ဖြေတင်ဆက်ပေးလျက်ရှိပြီး ၎င်းတို့အား ဟိုပန်မြို့ရှိ စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများအား အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ် မဟာသင်္ကြန်ပွဲတော်တွင် ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် အနီးပတ်ဝန်းကျင်မြို့များဖြစ်သည့် ကွမ်းလုံ၊ ချင်းရွှေဟော်၊ လောက်ကိုင်မြို့များရှိ သင်္ကြန်ချစ်ပြည်သူများက လာရောက်၍ အပန်းဖြေလည်ပတ်လျက်ရှိပြီး ရေပက်ခံထွက်လာသူများနှင့် ရေပက်ကစားသူများအား စတုဒိသာကျွေးမွေးကုသိုလ်ပြုသူများဖြင့် အေးချမ်းပျော်ရွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)