မြစိမ်းရောင်စီမံကိန်းအတိုးရငွေဖြင့် ဆောင်ရွက်သော ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းပြီးစီး

မိုင်းယောင်း စက်တင်ဘာ ၂

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလတ်ခရိုင် မိုင်းယောင်းမြို့နယ် ကျေးလက်ဒေသဖွံဖြိုး တိုးတက်ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်အတိုးရငွေဖြင့် ဆောင်ရွက်သည့် ဝမ်တွီကျေးရွာ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအား စက်တင်ဘာ ၂ ရက်က မြို့နယ်ဦးစီးမှူး ဦးစိုင်းလောင်မှိုင်းနှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့သည်။

ဝမ်တွီကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းအတိုးရငွေ ၅၀ ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ်သိန်း ၉၀ နှင့် ပြည်သူထည့်ဝင်ငွေကျပ် ၂ ဒသမ ၉ သန်းဖြင့် ဆောင်ရွက်ခဲ့သော ရွာလယ် ကွန်ကရစ်လမ်းသည် အရှည်ပေ ၆၀၀၊ အကျယ် ၁၂ ပေ၊ ထုခြောက်လက်မရှိပြီး ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာပံ့ပိုးပြီး ကျေးရွာသူ၊ ကျေးရွာသားများ ကိုယ်တိုင် တာဝန်ယူဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရွာလယ်ကွန်ကရစ်လမ်း ပြီးစီးသွားခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေးအတွက် ရာသီမရွေး အဆင်ပြေစွာ သွားလာအသုံးပြုနိုင်ပြီဖြစ်သည့်အပြင် ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးကိစ္စရပ်များပါ အဆင်ပြေသွားမည် ဖြစ်ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း